MySport Myanmar

နွေဈေးကွက်မှာ ပြောင်းရွှေ့ကြေး အများဆုံး သုံးစွဲခဲ့တဲ့ ဥရောပအသင်း ၅သင်း

ကဲ ပရိသတ်တွေ မျှော်လင့်တကြီးနဲ့ စောင့်ကြည့်ခဲ့ရတဲ့ ဥရောပတိုက်ရဲ့ နွေရာသီ အပြောင်းအရွှေ့ဈေးကွက်က ဒီနေ့မနက်မှာပဲ တရားဝင် ပိတ်သိမ်းသွားခဲ့ပါပြီ။ ဒါကြောင့် ကျွန်တော်က နွေဈေးကွက်ထဲမှာ ပြောင်းရွှေ့ကြေး အများဆုံး ဥရောပအသင်း ၅သင်း စာရင်းကို ဖော်ပြပေးသွားချင်ပါတယ်။ ဘယ်အသင်းတွေ ဖြစ်မလဲ ဆိုတာ ဆက်လက် ဖတ်ရှုကြည့်လိုက်ရအောင်ဗျာ။

၅။ အာဆင်နယ် (ပရီးမီးယားလိဂ်)

အာဆင်နယ်က ဒီနွေဈေးကွက်မှာ စုစုပေါင်း ပြောင်းရွှေ့ကြေး ယူရို ၂၃၅သန်း အထိ သုံးစွဲကာ ကစားသမားသစ် ၄ဦး အထိ ခေါ်ယူခဲ့ပါတယ်။ အာဆင်နယ် ခေါ်ယူခဲ့တဲ့ ကစားသမားသစ်တွေက ဒီကလန်ရိုက်စ် (ယူရို ၁၁၆.၅သန်း) ၊ ဟားဗက်ဇ် (ယူရို ၇၅သန်း) ၊ တင်းဘား (ယူရို ၄၀သန်း)နဲ့ ရာယာ (အငှားကြေး ယူရို ၃.၃၄သန်း)ပဲ ဖြစ်ပါတယ်။

Photo Credit: Telegraph

၄။ စပါး (ပရီးမီးယားလိဂ်)

စပါးက ဒီနွေဈေးကွက်မှာ စုစုပေါင်း ပြောင်းရွှေ့ကြေး ၂၄၈.၆သန်း အထိ သုံးစွဲကာ ကစားသမားသစ် ၉ဦး အထိ ခေါ်ယူပြီး အသင်းကို သွေးသစ်လောင်းခဲ့ပါတယ်။ စပါးက ဘရန်နန် ဂျွန်ဆင် (ယူရို ၅၅သန်း) ၊ မက်ဒီဆန် (ယူရို ၄၆.၃သန်း) ၊ ပေါ်ရို (ယူရို ၄၀သန်း) ၊ ဗန်ဒီဗန် (ယူရို ၄၀သန်း) ၊ ကူလူဆက်စကီး (ယူရို ၃၀သန်း) ၊ ဗီကာရီရို (ယူရို ၂၀သန်း) ၊ ဗီလစ်ဇ် (ယူရို ၁၅သန်း) ၊ အက်ရှလေ ဖီးလစ် (ယူရို ၂.၃သန်း) ၊ ဆော်လမွန် (အလွတ်) စတဲ့ ကစားသမားတွေကို အသင်းဆီ ခေါ်ယူခဲ့တာပါ။

၃။ မန်စီးတီး (ပရီးမီးယားလိဂ်)

လက်ရှိ ကမ္ဘာ့အကောင်းဆုံးအသင်း အဖြစ် သတ်မှတ်ခံထားရတဲ့ မန်ချက်စတာ စီးတီးက ဒီနွေဈေးကွက်မှာ ပြောင်းရွှေ့ကြေး ယူရို ၂၅၂သန်း အထိ သုံးစွဲကာ အသင်းကို အကောင်းဆုံး အင်အားဖြည့်တင်းထားပါတယ်။ မန်ချက်စတာ စီးတီးက ယာဗာဒီအို (ယူရို ၉၀သန်း) ၊ နူနက်စ် (ယူရို ၆၂သန်း) ၊ ဒိုကူ (ယူရို ၆၀သန်း) ၊ ကိုဗာချစ် (ယူရို ၂၉.၁သန်း) စတဲ့ ကစားသမားသစ်တွေကို ခေါ်ယူထားပါတယ်။

Photo Credit: Euro Sports

၂။ ပီအက်စ်ဂျီ (လီဂူးဝမ်း)

ဒီနွေဈေးကွက်အတွင်းမှာ မက်ဆီနဲ့ နေမာတို့လို ကြယ်ပွင့် တိုက်စစ်မှူးတွေကို ဆုံးရှုံးခဲ့ရတဲ့ ပီအက်စ်ဂျီက ပြောင်းရွှေ့ကြေး ယူရို ၃၄၉.၅သန်း အထိ သုံးစွဲကာ လူငယ် ကစားသမား ၂ဦး အပါအဝင် ၁၂ဦး အထိ ခေါ်ယူပြီး အသင်းကို သွေးသစ်လောင်းခဲ့ပါတယ်။ ပီအက်စ်ဂျီ ခေါ်ယူခဲ့တဲ့ ကစားသမားသစ်တွေက မူအာနီ (ယူရို ၉၅သန်း) ၊ အူဂါတီ (ယူရို ၆၀သန်း) ၊ ဒမ်ဘီလီ (ယူရို ၅၀သန်း) ၊ ဟာနန်ဒက်ဇ် (ယူရို ၄၅သန်း) ၊ ဘာကိုလာ (ယူရို ၄၅သန်း) ၊ အက်ခီတခီ (ယူရို ၂၈.၅သန်း) ၊ ကန်အင်လီ (ယူရို ၂၂သန်း) ၊ ဇာဗီ ဆိုင်မွန် (ယူရို ၄သန်း) ၊ ရှကရီညာ (အလွတ်) ၊ အဆန်စီယို (အလွတ်) ၊ အန်ဒူအာ (အလွတ်) ၊ တီနက်စ် (အလွတ်) စတဲ့ ကစားသမားတွေပဲ ဖြစ်ပါတယ်။

၁။ ချယ်လ်ဆီး (ပရီးမီးယားလိဂ်)

ဒီနွေဈေးကွက်ရဲ့ အသုံးစရိတ် အများဆုံး အသင်းကတော့ တော့ပ် ဘိုလေ ဦးဆောင်နေတဲ့ ချယ်လ်ဆီးပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ မျှော်မှန်းထားသလို အောင်မြင်မှုတွေ မရခဲ့သလို ဥရောပပြိုင်ပွဲဝင်ခွင့်နဲ့ ဝေးခဲ့ရတဲ့ ချယ်လ်ဆီးက ဒီနွေမှာတော့ အသင်းကို အကောင်းဆုံး အင်အားဖြည့်တင်းမှုတွေ လုပ်ထားပါတယ်။ ချယ်လ်ဆီးက ကိုင်စီဒို (ယူရို ၁၁၆သန်း) ၊ လာဗီယာ (ယူရို ၆၂.၁သန်း) ၊ အန်ကွန်ကူ (ယူရို ၆၀သန်း) ၊ ပယ်လ်မာ (ယူရို ၄၇သန်း) ၊ ဒီဆာဆီ (ယူရို ၄၅သန်း) ၊ ဂျက်ဆန် (ယူရို ၃၇သန်း) ၊ အူဂိုချူကူ (ယူရို ၂၇သန်း) ၊ ဆန်းချက်ဇ် (ယူရို ၂၃သန်း) ၊ ဝါရှင်တန် (ယူရို ၁၆သန်း) ၊ ပီထရိုဗစ် (ယူရို ၁၆သန်း) ၊ အန်ဂျလို (ယူရို ၁၅သန်း) စတဲ့ ကစားသမားသစ် ၁၁ဦးကို ပြောင်းရွှေ့ကြေး ယူရို ၄၆၄.၁သန်း အထိ သုံးစွဲကာ ခေါ်ယူထားပါတယ်။

Exit mobile version