၂၀၂၃-၂၀၂၄ ဘောလုံးရာသီ အတွက် ဖွင့်လှစ်ပေးထားတဲ့ ဥရောပတိုက်ရဲ့ နွေဈေးကွက်ကတော့ ဒီနေ့မနက် အစောပိုင်းမှာပဲ တရားဝင် ပိတ်သိမ်းသွားခဲ့ပါပြီ။ ကျွန်တော်က ဒီတခါမှာ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ နွေဈေးကွက်ရဲ့ ပြောင်းရွှေ့ကြေး အမြင့်ဆုံး ကစားသမား ၅ဦးကို ဖော်ပြပေးသွားချင်ပါတယ်။ ဘယ်ကစားသမားတွေ ဖြစ်မလဲ ဆိုတာ စောင့်ကြည့်လိုက်ရအောင်ဗျာ။

Photo Credit: Sky Sports

၅။ နေမာ (ပီအက်စ်ဂျီ-အယ် ဟီလယ်)

ဘရာဇီးလ်ကြယ်ပွင့် တိုက်စစ်မှူး နေမာကတော့ ဆော်ဒီလိဂ်ရဲ့ ပြောင်းရွှေ့ကြေး အမြင့်မားဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့သူပါ။ ဆော်ဒီ ထိပ်သီးကလပ် အယ် ဟီလယ်က နေမာကို ခေါ်ယူနိုင်ဖို့ အတွက် ပီအက်စ်ဂျီထံ ပြောင်းရွှေ့ကြေး ပေါင် ၈၆.၃သန်း အထိ ပေးချေခဲ့ရပါတယ်။

Photo Credit: Bayern Munich

၄။ ဟယ်ရီကိန်း (စပါး-ဘိုင်ယန်)

စပါးရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်သလို သစ္စာရှင်အဖြစ်ပါ နာမည်ကြီးတဲ့ ဟယ်ရီကိန်းကတော့ ဆုဖလားတွေ ရယူနိုင်ဖို့ အတွက် ဒီနွေမှာ စပါးကို စွန့်ခွာကာ ဂျာမန်ဘီလူးကြီး ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ ကစားနေပါတယ်။ ဘိုင်ယန်မြူးနစ်က အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းအတွက် စပါးထံ ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၈၆သန်း ပေးချေခဲ့ရသလို အပိုဆုကြေး ပေါင် ၁၄သန်း ထပ်မံ ပေးချေရဖို့ ရှိနေပါတယ်။

Photo Credit: Euro Sports

၃။ ဘယ်လင်ဟမ် (ဒေါ့မွန်-ရီးရဲလ်)

လာလီဂါပြိုင်ပွဲရဲ့ ဩဂုတ်လ အကောင်းဆုံး ကစားသမားဆုကို ပူပူနွေးနွေး သိမ်းပိုက်ထားတဲ့ ဘယ်လင်ဟမ်က နွေဈေးကွက်ရဲ့ တတိယမြောက် ပြောင်းရွှေ့ကြေး အမြင့်ဆုံး ကစာသမားပဲ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်က ဂျု့ဒ် ဘယ်လင်ဟမ်ကို ခေါ်ယူနိုင်ဖို့ အတွက် ဒေါ့မွန်ထံ ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၈၈သန်း ပေးချေခဲ့ရသလို အပိုဆုကြေး ပေါင် ၂၅.၆သန်း ထပ်မံ ပေးချေရဖို့ ရှိပါတယ်။

Photo Credit: Sky Sports

၂။ ဒီကလန်ရိုက်စ် (ဝက်စ်ဟမ်း-အာဆင်နယ်)

အာဆင်နယ်ရဲ့ ကစားသမားသစ် ဒီကလန်ရိုက်စ်က ဒီနွေရာသီရဲ့ ဒုတိယမြောက် ပြောင်းရွှေ့ကြေး အမြင့်ဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ထားသူပါ။ အာဆင်နယ်က ဝက်စ်ဟမ်း အသင်းခေါင်းဆောင် ဒီကလန်ရိုက်စ်ကို ခေါ်နိုင်ဖို့ ဝက်စ်ဟမ်းထံ ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၁၀၀သန်း ပေးချေခဲ့ရသလို အပိုဆုကြေး ပေါင် ၅သန်း ထပ်မံ ပေးချေဖို့ သဘောတူထားပါတယ်။ ဒီကလန်ရိုက်စ်ရဲ့ စုစုပေါင်း ပြောင်းရွှေ့ကြေးက ပေါင် ၁၀၅သန်းသာ ရှိပေမယ့် သူ့ရဲ့ ကနဦး ပြောင်းရွှေ့ကြေး မြင့်နေတာကြောင့် ဒီစာရင်းရဲ့ ဒုတိယနေရာကို ရောက်နေတာပါ။

Photo Credit: Chelsea

၁။ ကိုင်စီဒို (ဘရိုက်တန်-ချယ်လ်ဆီး)

ဒီနွေရာသီရဲ့ တန်ကြေးအမြင့်ဆုံး ကစားသမား ဖြစ်ခဲ့သူက အီကွေဒေါ ကွင်းလယ်လူ ကိုင်စီဒိုပဲ ဖြစ်ပါတယ်။ ချယ်လ်ဆီးက ဗဟိုကွင်းလယ်နဲ့ ကွင်းလယ်ခံစစ် နှစ်နေရာစလုံးမှာ ကစားနိုင်တဲ့ ကိုင်စီဒိုကို အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ပေါင် ၁၁၅သန်း အထိ သုံးစွဲကာ ခေါ်ယူခဲ့တာပါ။ ချယ်လ်ဆီးက ကိုင်စီဒိုအတွက် ဘရိုက်တန်ထံ ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၁၀၀သန်း ပေးချေခဲ့ရသလို အပိုဆုကြေး ပေါင် ၁၅သန်း ထပ်မံ ပေးချေရဖို့ ရှိပါတယ်။