ဒီနှစ်ဘောလုံးရာသီအကုန်မှာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဝါရင့်တိုက်စစ်မှူးကြီး ဆာဂျီယိုအဂွဲရိုးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေများစွာ ရှိလို့နေပြီး ဒီအသင်းထဲမှာ စပါးအသင်းလည်း ပါဝင်လျက်ရှိနေရာ တကယ်လို့ စပါးအသင်းအနေနဲ့ ဒီနှစ်ရာသီအတွင်း ပရီးမီးယားလိဂ်မှာ Top 4 အတွင်း ဝင်ရောက်နိုင်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ကို ပိုင်ဆိုင်ရမယ်ဆိုရင် အဂွဲရိုးအနေနဲ့ စပါးအသင်းကို ပြောင်းရွှေ့ဖို့ စဉ်းစားလာဖွယ် ရှိနေတယ်လို့ Telegraph ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Eurofootball

အသက်(၃၂)နှစ်အရွှယ်ရှိ အာဂျင်တီးနားတိုက်စစ်ကစားသမားကြီး အဂွဲရိုးဟာ လွန်ခဲ့တဲ့ ၂၀၁၁ခုနှစ်ကမှ အသက်လက်တီကိုမက်ဒရစ်ကနေ မန်စီးတီးအသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းနဲ့ ဆုဖလားအောင်မြင်မှုတွေကို ရယူနိုင်ခဲ့သလို အသင်းနဲ့လည်း ဆယ်စုနှစ်တစ်ခုအထိ ဖြတ်သန်းခဲ့ကာ အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ်နဲ့လည်း ရပ်တည်နိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ အဂွဲရိုးဟာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အဂွဲရိုးဘက်ကလည်း အသင်းနဲ့ လမ်းခွဲတော့မှာဖြစ်ကြောင်း တရားဝင် ပြောဆိုထားခဲ့တာကြောင့် အဂွဲရိုးကို အသင်းပေါင်းစုံကနေ ပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။

Photo Credit : Goal

မန်စီးတီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် တိုက်စစ်မှူးအဂွဲရိုးကို ဘာစီလိုနာအသင်းကနေ အဓိကပစ်မှတ်ထားနေတာဖြစ်သလို မန်စီးတီးရဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက် ချယ်လ်ဆီးအသင်းကနေလည်း စိတ်ဝင်စားနေတာဖြစ်ပါတယ်။ ဒါ့အပြင် အသင်းရဲ့ အဓိကတိုက်စစ်မှူး ဟာရီကိန်းကို လက်လွတ်ရဖွယ် ရှိလို့နေတဲ့ စပါးအသင်းဟာလည်း ဟာရီကိန်းနေရာမှာ ပြန်လည်အစားထိုးဖို့အတွက် အဂွဲရိုးကို အလိုရှိနေပြီး တကယ်လို့ စပါးအသင်းသာ ဒီနှစ်ရာသီအတွင်း အဆင့်(၄)အတွင်းကို ဝင်ရောက်နိုင်ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရရှိခဲ့မယ်ဆိုရင် အဂွဲရိုးဘက်ကနေ စပါးကို ပြောင်းရွှေ့ဖို့ စဉ်းစားလာဖွယ် ရှိနေပါတယ်။ အဂွဲရိုးဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတလျှောက် စတုတ္ထမြောက် သွင်းဂိုးအများဆုံး ကစားသမားတစ်ဦးဖြစ်ပြီး သူသာ ပရီးမီးယားလိဂ်မှာ ဆက်လက်ရှိနေမယ်ဆိုရင် တတိယမြောက် ဒါမှမဟုတ် ဒုတိယမြောက် သွင်းဂိုးအများဆုံး ကစားသမားအထိပါ ရောက်လာနိုင်တာဖြစ်လို့ အင်္ဂလန်မြေက ကလပ်အသင်းတစ်သင်းသင်းဆီကို ပြောင်းရွှေ့နိုင်ဖွယ် ရှိနေပြီး ချယ်လ်ဆီးအသင်းဆီကို ရောက်ရှိဖို့ ရာခိုင်နှုန်းများပြားလျက် ရှိနေတယ်လို့ အားကစားသတင်းမီဒီယာတွေကနေ သုံးသပ်ထားကြပါတယ်။