ငွေကြေးကြွယ်ဝချမ်းသာမှု အလွန်များပြားလှတဲ့ လုပ်ငန်းရှင်တွေနဲ့ လက်တွဲခဲ့တဲ့ ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်ယူနိုက်တက်အသင်းဟာ လာမယ့်စျေးကွက်အတွင်းမှာပဲ အသင်းအတွက် ကစားသမား အင်အားဖြည့်တင်းမှုတွေကို လုပ်ဆောင်သွားဖို့ ရှိနေရာ လတ်တလောမှာလည်း အာဆင်နယ် ကစားသမားဟောင်း မက်ဇတ်အိုဇေးနဲ့ပါ သတင်းတွေ ပြန်ထွက်လာခဲ့ပြီး အိုဇေးကို နယူးကာဆယ်အသင်းရဲ့ အဝယ်စာရင်းထဲ ထည့်သွင်းထားတယ်လို့ သိရှိရပါတယ်။

Photo Credit : Daily Express

အသက်(၃၃)နှစ်အရွှယ်ရှိ ဂျာမနီကွင်းလယ်ကစားသမား အိုဇေးဟာ ရီးယဲလ်မက်ဒရစ်နဲ့ အာဆင်နယ်အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးတဲ့ နာမည်ကျော် ဘောလုံးသမားတစ်ဦးဖြစ်ပြီး လက်ရှိမှာတော့ တူရကီထိပ်သီးကလပ် ဖီနာဘာချီအသင်းမှာ ပါဝင်ကစားနေတာ ဖြစ်ပါတယ်။ ကွင်းလယ်ဖန်တီးရှင် ကစားသမား အိုဇေးဟာ အာဆင်နယ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ အချိန်အတော်ကြာ ကျင်လည်ခဲ့ဖူးတဲ့ အတွေ့အကြုံရှိ ကစားသမားတစ်ဦး ဖြစ်နေတာကြောင့် သူ့ကို အခုလို နယူးကာဆယ်အသင်းကနေ ခေါ်ယူချင်နေတာဖြစ်ပြီး လာမယ့်ဆောင်းစျေးကွက်အတွင်းမှာပဲ ကမ်းလှမ်းမှုတွေ စတင်လုပ်ဆောင်ဖွယ် ရှိနေပါတယ်။

Photo Credit : FotMob

အိုဇေးဟာ ၂၀၂၁ခုနှစ် ဇန်နဝါရီလကတည်းက အာဆင်နယ်ကနေ ဖီနာဘာချီအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ အသင်းအတွက် ပြိုင်ပွဲစုံပွဲစဉ်ပေါင်း (၂၀)အထိ ပါဝင်ကစားထားနိုင်ခဲ့သလို သွင်းဂိုး(၃)ဂိုးကိုလည်း သွင်းယူထားပါတယ်။ အိုဇေးဟာ ဖီနာဘာချီအသင်းရဲ့ အရေးအပါဆုံးသော ကစားသမားတစ်ဦး ဖြစ်နေသလို ပရိသတ်အချစ်တော် ကစားသမားလည်း ဖြစ်နေတာကြောင့် အသင်းဘက်က အိုဇေးကို ရောင်းထုတ်သွားဖို့ အစီအစဉ် မရှိနေသလို အိုဇေးနဲ့ ဖီနာဘာချီအသင်းရဲ့ကြား စာချုပ်သက်တမ်းက ၂၀၂၄ခုနှစ်အထိ သက်တမ်းရှိနေသေးတာကြောင့် အိုဇေးကို ခေါ်ယူဖို့ဆိုတာက ခက်ခဲနိုင်ပါတယ်။ နောက်ပြီး ဖီနာဘာချီအသင်းဆိုတာကလည်း အိုဇေးအတွက် အဓိပ္ပာယ်များစွာ ရှိနေတဲ့ ကလပ်အသင်း တစ်သင်းဖြစ်နေတာကြောင့် အိုဇေးအနေနဲ့ ဒီအသင်းကနေ ထွက်ခွာပြီး တခြားအသင်းဆီကို ပြောင်းရွှေ့ဖို့က ဖြစ်နိုင်ခြေ အလွန်နည်းပါတယ်။ ဒါပေမယ့် နယူးကာဆယ်အသင်းက အိုဇေးအပြင် ဖီနာဘာချီ ဂိုးသမားဖြစ်သူကိုပါ ခေါ်ယူဖို့ ပစ်မှတ်ထားနေလျက် ရှိနေပါတယ်။