လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က အသင်းမှာ ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်နေရချိန် တောင်ပံ တိုက်စစ်နေရာအတွက် ကစားသမားတစ်ဦး ထပ်မံ ဖြည့်တင်းသွားဖို့ လိုအပ်နေတယ်ဆိုပြီး အသင်းဘုတ်အဖွဲ့ဝင်တွေကို တင်ပြခဲ့ရာ အသင်းတာဝန်ရှိသူတွေက နယ်သာလန်ကြယ်ပွင့် တောင်ပံကစားသမားလေး ကိုဒီဂက်ပိုကို နာရီပိုင်းအတွင်းမှာပဲ အလျင်အမြန် ခေါ်ယူပေးနိုင်ခဲ့တာ ဖြစ်တယ်လို့ ဖာဘရီဇီယိုရိုမာနိုက ဖော်ပြလာခဲ့ပါတယ်။

Photo Credit : The Mirror

တကယ်တော့ PSV တောင်ပံကစားသမားလေး ဂက်ပိုဟာ မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟက်ဂ် ခေါ်ယူချင်နေတဲ့ ကစားသမားတစ်ဦး ဖြစ်သလို ကစားသမားကိုယ်တိုင်ကလည်း သူနဲ့ တစ်နိုင်ငံတည်းသားလည်းဖြစ် အေးဂျင့်ချင်းပါ တူညီနေတဲ့ တန်ဟက်ဂ်နဲ့ လက်တွဲချင်နေပေမယ့် မမျှော်လင့်ထားတဲ့ လီဗာပူးလ်အသင်းရဲ့ အလျင်အမြန် လှုပ်ရှားမှုက ဂက်ပိုကို အန်ဖီးလ်ကွင်းဆီ ရောက်ရှိလာအောင် စွမ်းဆောင်သွားနိုင်ခဲ့ပါတယ်။ ဂက်ပိုကို ရရှိလိုက်တဲ့ လီဗာပူးလ် တိုက်စစ်ကတော့ ပရီးမီးယားလိဂ်မှာသာမကပဲ ဥရောပ ဘောလုံးနယ်ပယ်မှာပါ ကြောက်ခမန်းလိလိ တိုက်စစ်အစုအဖွဲ့တစ်ခုပါ ဖြစ်လာနိုင်ပါတယ်။

Photo Credit : Liverpool Echo

လီဗာပူးလ်အသင်းက ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီရဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာလည်း အခုလို အလားတူပုံစံမျိုးနဲ့ ပေါ်တိုတောင်ပံကစားသမား လူးဝစ်ဒီးယက်ဇ်ကို ခေါ်ယူခဲ့ပါသေးတယ်။ တကယ်တော့ ဒီးယက်စ်ကို စပါးအသင်းက ခေါ်ယူသွားဖို့ လုပ်ဆောင်နေချိန်မှာ လီဗာပူးလ်အသင်းဘက်က အခုလို ခပ်သွက်သွက် လှုပ်ရှားပြီး ဒီးယက်ဇ်ကို အသင်းဆီ အရ ခေါ်ယူနိုင်ခဲ့သလို ဒီးယက်ဇ်ကလည်း လီဗာပူးလ်မှာ မျှော်လင့်ထားတာထက် ပိုမို တောက်ပနိုင်ခဲ့ပါတယ်။ အခု ကိုလံဘီယာ တောင်ပံကစားသမား ဒီးယက်ဇ်က ဒဏ်ရာကြောင့် လအတန်ကြာ အနားယူနေရတဲ့ အခြေအနေမှာ သူ့နေရာကို အစားထိုးဖို့အတွက် ဂက်ပိုကို ယူနိုက်တက်ထက် လက်ဦးမှု ရယူပြီး အလျင်အမြန် ခေါ်ယူသွားနိုင်ခဲ့ပါတယ်။ ဒါဟာ လီဗာပူးလ်အသင်းရဲ့ အပြောင်းအရွှေ့ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတစ်ခုဖြစ်ပြီး နည်းပြ အလိုရှိတဲ့ နေရာအတွက် သင့်တော်တဲ့ ကစားသမား ဖြည့်တင်းမှုကို မထင်ထားလောက်အောင် အလျင်အမြန် လုပ်ဆောင်နိုင်တာက တကယ့်ကို အထင်ကြီးလောက်စရာပါ။ လီဗာပူးလ်အနေနဲ့ ဆာဒီယိုမာနေးကို လက်လွတ်ခဲ့ရပေမယ့် ဒါဝင်နူုးနက်ဇ်အပြင် အခု ဂက်ပိုကိုပါ ပြန်ရလိုက်တာကတော့ တကယ့်ကို အားရစရာ ဖြည့်တင်းမှု ဖြစ်လာမှာ အသေအချာပါပဲ။