Spanish TV 6 ရုပ်သံလိုင်းရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းကို နောက်ဆုံး ကိုင်တွယ်ထားခဲ့တဲ့ နည်းပြ(၅)ဦးအနက်မှာ အသင်းရဲ့နည်းပြဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိမှာ စပိန်လက်ရွေးစင်အသင်းကို တာဝန်ယူ ကိုင်တွယ်နေတဲ့ လူးဝစ်အင်းနရစ်ကတော့ ဘာစီလိုနာရဲ့ နိုင်ပွဲရာခိုင်နှုန်း အမြင့်ဆုံးနည်းပြ ဖြစ်နေရပေမယ့် လက်ရှိနည်းပြဖြစ်တဲ့ ဇာဗီဟာနန်ဒက်ဇ်က winning percentage အနိမ့်ဆုံး  ဖြစ်လို့နေပါတယ်။

Photo Credit : Managing Madrid

ရော်နယ်ကိုးမန်းနဲ့ လက်တွဲဖြုတ်ခဲ့တဲ့ ဘာစီလိုနာအသင်းကို နည်းပြဖို့အတွက် အသင်းဆီ တကျော့ပြန် ပြန်လည်ရောက်ရှိလာခဲ့တဲ့ ဇာဗီဟာ သူရဲ့လက်ထက်မှာ အသင်းကို အခြေအနေကောင်းတစ်ခုထိ ဆွဲတင်နိုင်ခဲ့ပြီး အသင်းကလည်း ရှုံးပွဲတွေနဲ့ အလှမ်းဝေးသွားခဲ့ရပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ(၂)ပွဲဆက်တိုက်မှာတော့ ဖရန့်ဖတ်နဲ့ ကာဒစ်ဇ်အသင်းတွေကို ဆက်တိုက်အရေးနိမ့်ခဲ့ရပါတယ်။ ဖရန့်ဖတ်အသင်းရော ကာဒစ်ဇ်အသင်းကိုရောပါ အိမ်ကွင်းနူးကမ့်မှာပဲ ဆက်တိုက်ရှုံးနိမ့်ခဲ့ရတာဖြစ်ပြီးတော့ ဖရန့်ဖတ်ကို ရှုံးခဲ့ရတဲ့အတွက် ယူရိုပါလိဂ်ပြိုင်ပွဲကနေပါ ထွက်ခွာသွားခဲ့ရပါတယ်။

Photo Credit : Barca Blaugranes

တကယ်တော့ ဇာဗီရဲ့ ဘာစီလိုနာအသင်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ယူရိုပါလိဂ်ဖလားကိုသာ တစ်ခုတည်းသော ဖလားမျှော်လင့်ချက်အဖြစ် သတ်မှတ်ထားရတာ ဖြစ်သလို ယူရိုပါလိဂ်မှာလည်း ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းအဖြစ်ပါ သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မမျှော်လင့်ပဲ အိမ်ကွင်းဖရန့်ဖတ်ကို ရှုံးနိမ့်ခဲ့သလို လာလီဂါဘက်မှာပါ တန်းမဆင်းဖို့ ရုန်းနေရတဲ့ ကာဒစ်ဇ်အသင်းကိုပါ ဆက်တိုက်ရှုံးထားခဲ့ရပါတယ်။ ဒီလို ရှုံးပွဲဆက်ပြီးနောက် စပိန်နိုင်ငံ အခြေစိုက် ရုပ်သံတစ်ခုဖြစ်တဲ့ Spanish TV 6 က ဘာစီလိုနာအသင်းကို နောက်ဆုံး ကိုင်တွယ်ထားခဲ့တဲ့ နည်းပြ(၅)ယောက်ထဲကမှ နိုင်ပွဲရာခိုင်နှုန်း အခြေအနေတွေအကြောင်းကို ဖော်ပြလာခဲ့ရာ နည်းပြဟောင်း အင်းနရစ်က (၇၆)%နဲ့ အမြင့်ဆုံးနေရာမှာ ရှိနေရပြီး ဗယ်လ်ဗာဒီက (၆၇)% နဲ့ ဒုတိယနေရာ ဆယ်တီယန်က (၆၄)%နဲ့ တတိယနေရာ ကိုးမန်းက(၅၈)%နဲ့ စတုတ္ထနေရာတွေမှာ အသီးသီး ရပ်တည်လို့နေကာ နည်းပြ(၅)ဦးထဲကမှ နိုင်ပွဲရာခိုင်နှုန်း အနိမ့်ဆုံး ဖြစ်နေတာက winning percentage (၅၃)%နဲ့ ဇာဗီ ဖြစ်လို့နေပါတယ်။ ဒါပေမယ့် ဇာဗီက အရင်နည်းပြဟောင်းတွေလောက် အသင်းကို ကိုင်တွယ်တဲ့ အချိန်ကာလ နည်းပါးနေသေးပြီး ပွဲအရေအတွက်လည်း နည်းနေသေးတာကြောင့် နည်းပြဟောင်းတွေနဲ့ ယှဉ်ကြည့်မယ်ဆိုရင် အခုလို winning percentage နိမ့်နေရတာ ဖြစ်ပါတယ်။