ဆီဗီလာအသင်းရဲ့ ပြင်သစ်လူငယ်နောက်ခံကစားသမားလေး ခွန်ဒဲလ်ကတော့ ပြီးခဲ့တဲ့ဘောလုံးရာသီက ဆီဗီလာအသင်းမှာ အကောင်းဆုံးခြေစွမ်းတွေ ပြသနိုင်ခဲ့သလို အသင်းနဲ့လည်း ယူရိုပါလိဂ်ဆုဖလားကြီးကို ပိုင်ဆိုင်နိုင်ခဲ့တာကြောင့် သူ့ကို နွေစျေးကွက်အတွင်းမှာပဲ ကလပ်အသင်းပေါင်းများစွာကနေ ခေါ်ယူသွားဖို့အတွက် စိတ်ဝင်စားခဲ့ကြပြီး ဒီအသင်းတွေထဲမှာလည်း မန်စီးတီးအသင်းလည်း ပါဝင်ခဲ့ကာ ခွန်ဒဲလ်ကို ခေါ်ယူနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့လို့သာ ဘင်ဖီကာနောက်ခံလူ ရူဘင်ဒီယက်စ်ကိုပဲ ပြောင်းလဲခေါ်ယူခဲ့တာဖြစ်ပါတယ်။

Photo Credit : Daily Mail

အသက်(၂၁)နှစ်အရွှယ်သာရှိသေးတဲ့ ပြင်သစ်နောက်ခံကစားသမား ခွန်ဒဲလ်ဟာ ၂၀၁၉ခုနှစ်ကမှ ဘော်ဒိုးကနေ ဆီဗီလာအသင်းဆီကို ယူရို(၂၅)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ တစ်ရာသီပါဝင်ခဲ့ပြီးနောက်မှာ သူရဲ့အကောင်းဆုံးခြေစွမ်းတွေကို ပြသနိုင်ခဲ့လို့ ကလပ်အသင်းများစွာရဲ့ စိတ်ဝင်စားမှုကိူ ရရှိခဲ့ရသလို ပြီးခဲ့တဲ့ဘောလုံးရာသီ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမား(၁၁)ယောက်စာရင်းမှာပါ ရွေးချယ်ခံခဲ့ရပါတယ်။ ဒီလို စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့တဲ့ နောက်ခံလူခွန်ဒဲလ်ကို မန်စီးတီးအသင်းကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားလာခဲ့ကာ ကမ်းလှမ်းမှုတွေ လုပ်ဆောင်ပေမယ့် ကစားသမားကိုယ်တိုင်က ဆီဗီလာမှာပဲ ပျော်ရွှင်နေတဲ့အတွက် အပြောင်းအရွှေ့က ဖြစ်မလာခဲ့ပဲ ခွန်ဒဲလ်လည်း ဆီဗီလာမှာပဲ ဆက်လက်ရှိနေခဲ့ရပါတယ်။

Photo Credit : Daily Mail

မန်စီးတီးကို မပြောင်းရွှေ့ဖြစ်ခဲ့တဲ့အပေါ် ခွန်ဒဲလ်က “မန်စီးတီးလို အသင်းကြီးတစ်သင်းကနေ ကျွန်တော့်ကို ခေါ်ယူဖို့ စိတ်ဝင်စားခြင်းကို ရရှိတယ်ဆိုတာက အရမ်းကို ကောင်းမွန်လှတဲ့ အရာတစ်ခုပါ။ ဒါပေမယ့် ကျွန်တော်က အခု ဆီဗီလာမှာပဲ ရှိနေရတဲ့အပေါ် အရမ်းကို စိတ်ကျေနပ်နေရပါတယ်။ ကျွန်တော်အနေနဲ့ ပြိုင်ပွဲတွေမှာ အကောင်းဆုံးအခြေအနေနဲ့ ဝင်ရောက်ဆင်နွဲနေရတဲ့ အသင်းတစ်သင်းမှာ ရှိနေရတာက အရမ်းကို ကံကောင်းပါတယ်။ ကျွန်တော်တို့အသင်းမှာ တကယ့်ကို အရည်အချင်းရှိလှတဲ့ ကစားသမားအစုအဖွဲ့တွေနဲ့ ဖွဲ့စည်းထားတာပါ။ အသင်းမှာပဲ ဆက်ရှိနေဖို့ ဆုံးဖြတ်ခဲ့တာကလည်း ဆိုးရွှားတဲ့ ရွေးချယ်မှုလို့ မထင်ပါဘူး။ ကျန်တော် အသင်းရဲ့ဒါရိုက်တာမွန်ချီကို အမြဲတမ်းပြောဖြစ်တယ်။ ကျွန်တော့်ဘက်ကနေ ဘယ်အရာကိုမှ ဖိအားပေးမှာ မဟုတ်ဘူးဆိုတာကို။ ကျွန်တော်ဒီမှာ စာချုပ်သက်တမ်း ကျန်ရှိနေသးသလို ချန်ပီယံလိဂ်ပြိုင်ပွဲကိုလည်း ပါဝင်ကစားနေရတာမို့ ကျွန်တော်ပျော်ရွှင်နေပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ခွန်ဒဲလ်ကို မန်စီးတီးအပြင် မန်ချက်စတာယူနိုက်တက် လီဗာပူးလ်နဲ့ ပီအက်ဂျီအသင်းတို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိနေပါတယ်။