MySport Myanmar

မက်ဆီ ပါဝင်ကစားခြင်း မရှိတဲ့အပေါ် ဖြေရှင်းချက်ပေးဖို့ ဟောင်ကောင် အစိုးရ တောင်းဆို

ဟောင်ကောင်ညွှန့်ပေါင်းအသင်း နာမည်ကြီး မေဂျာလိဂ်ကလပ် အင်တာ မိုင်ယာမီအသင်းတို့ရဲ့ ခြေစမ်းပွဲစဉ်အတွင်းမှာ မိုင်ယာမီရဲ့ GOAT ကြီး လီယွန်နယ် မက်ဆီ လုံးဝ ပါဝင်ကစားခြင်း မရှိခဲ့တဲ့အပေါ် ရှင်းလင်းချက်ပေးဖို့ ဟောင်ကောင်အစိုးရက ပွဲစီစဉ်သူတွေကို တောင်းဆိုလိုက်ပါတယ်။

မိုင်ယာမီအသင်းဟာ လက်ရှိမှာ ရာသီကြို ခြေစမ်းပွဲစဉ်တွေအဖြစ် ကမ္ဘာ့နေရာအနှံ့မှာ ခြေစမ်းပွဲတွေကို ကစားလျက် ရှိနေပြီး အခု ဟောင်ကောင် အောစတားစ်အသင်းနဲ့ကလည်း မိုင်ယာမီအတွက် ပဉ္စမမြောက် ခြေစမ်းပွဲစဉ်တစ်ပွဲ ဖြစ်လာခဲ့ပါတယ်။

Photo Credit : Daily Mail

ဒီပွဲအတွက် ပိုစတာတွေ ထုတ်ပြန်ရာမှာလည်း မိုင်ယာမီက သူတို့အသင်းရဲ့ အဓိကအကျဆုံး ကစားသမားဖြစ်သူ မက်ဆီရဲ့ပုံနဲ့အတူ ကြေညာထားတဲ့အပြင် မိုင်ယာမီနည်းပြ မာတီနိုကိုယ်တိုင်ပါ မက်ဆီ ပါဝင်ကစားသွားနိုင်တယ်လို့ ပြောဆိုထားမှုကြောင့် ဟောင်ကောင်က ဘောလုံးပရိသတ်တွေက ဒီပွဲကို သည်းသည်းလှုပ် လာရောက်အားပေးကြပါတော့တယ်။

ဒါပေမယ့်လည်း မိုင်ယာမီအသင်းကတော့ ဒီပွဲစဉ်မှာ မက်ဆီအပြင် ဆွာရက်ဇ် အယ်လ်ဘာ ဘူးစကွက်စ်တို့လို ထိပ်သီး ကစားသမားတွေအားလုံး ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခဲ့ပြီး ဘူးစကွက်စ် နဲ့ အယ်လ်ဘာတို့သာ ဒုတိယပိုင်းမှာ အသုံးပြခဲ့ပေမယ့် မက်ဆီ ဆွာရက်ဇ်တို့ကိုတော့ လုံးဝ အနားပေးသွားခဲ့ပါတယ်။

 

 

Photo Credit : South China Morning Post

မက်ဆီလို ကမ္ဘာ့ဘောလုံးလောကရဲ့ GOAT တစ်ဦးကို မြင်တွေ့ရဖို့ ကွင်းအတွင်း လာရောက်ခဲ့ရတဲ့ ပရိသတ်တွေက မက်ဆီ လုံးဝ ဝင်မကစားရတဲ့အပေါ် အတော်လေး ပေါက်ကွဲခဲ့ကြပြီး မိုင်ယာမီရဲ့ ဥက္ကဌလည်းဖြစ် ပူးတွဲပိုင်ရှင်လည်းဖြစ်တဲ့ ဒေးဗစ် ဘက်ခမ်းကိုပါ အော်ဟစ် လှောင်ပြောင်ခဲ့ကြပါတယ်။

ဒီကိစ္စရပ်နဲ့ ပတ်သက်ပြီး ဟောင်ကောင်အစိုးရကလည်း ဒီပွဲကို စီစဉ်သူတွေအနေနဲ့ မက်ဆီ မပါဝင်နိုင်တဲ့ အကြောင်းနဲ့ ပတ်သက်လို့ ဖြေရှင်းချက်ပေးဖို့ တောင်းဆိုထားတဲ့အပြင် ပရိသတ်တွေရဲ့ လက်မှတ်ကြေးတွေကိုပါ ပြန်လျှော်ရနိုင်တယ်လို့ သတိပေးထားပါသေးတယ်။

Exit mobile version