မနေ့က မန်ချက်စတာ ယူနိုက်တက်နဲ့ လက်စတာတို့ရဲ့ FA Cup စတုတ္ထအဆင့်ပွဲစဉ်မှာ ဧည့်သည်လက်စတာက ကော်ဒိုဘာ ရီးဒ်ရဲ့ ဂိုးနဲ့ ဦးဆောင်နေခဲ့ရာကနေ ဇက်ဇီးက ယူနိုက်တက်အတွက် ပြန်လည် ချေပခဲ့ရင်း ပွဲပြီးလုဆဲဆဲမှာ မက်ဂွိုင်းယားက ဖရီးကစ်ကနေတစ်ဆင့် ခေါင်းတိုက်ပြီး အနိုင်ဂိုးကို သွင်းယူခဲ့ပါတယ်။

ယူနိုက်တက်က အိမ်ကွင်းမှာ ကစားရပေမယ့် ထုံးစံအတိုင်း ရုန်းကန်နေခဲ့ရသလို လက်စတာကိုလည်း နောက်ကနေ လိုက်ကစားရင်း Extra-Time အထိ ကစားရတော့မယ်လို့ ထင်နေချိန်မှ မက်ဂွိုင်းယားက ဖာနန်ဒက်စ်ရဲ့ ဖရီးကစ် ကန်တင်မှုကနေ ခေါင်းတိုက် သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဂိုးဟာ သိသိသာသာကြီး လူကျွံနေရပါတယ်။

 

Photo Credit : The Independent

FA Cup ပွဲစဉ်တွေမှာ VAR အသုံးပြုခြင်း မရှိတဲ့အတွက် ဒီဂိုးက လူကျွံမကျွံဆိုတာကို ပြန်လည် စစ်ဆေးနိုင်ခြင်း မရှိသလို စည်းကြပ်ဒိုင်ကလည်း ဒီဂိုးကို လူကျွံတယ်လို့ မသတ်မှတ်ခဲ့ဘဲ ဂိုးအဖြစ်သာ ခွင့်ပြုခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ကြောင့် လက်စတာအသင်းအတွက် နစ်နာမှု ရှိခဲ့သလို ယူနိုက်တက်နည်းပြ ရူဘင် အမော်ရင်ကိုယ်တိုင် မက်ဂွိုင်းယားဂိုးကို လူကျွံနေတယ်လို့ ဝန်ခံသွားခဲ့ပါတယ်။

“ဂိုးက လူကျွံနေပါတယ်။ ကျွန်တော်တို့မှာ VAR ရှိနေသင့်တယ်။ ဒီဆုံးဖြတ်ချက်ကို ပြန်ပြင်ဖို့အတွက် VAR က ရှိသင့်တာပါ။ ဘာလို့လဲဆိုတော့ ဒါက ပြိုင်ဘက်အသင်းအတွက် ခက်ခဲတဲ့အရာ ဖြစ်စေသလို ရုဒ်အတွက်လည်း ခက်ခဲတဲ့ အရာပါ။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့က ပွဲကို အနည်းငယ်လေး ပြောင်းလဲနိုင်ခဲ့တယ်။”

Photo Credit : Goal

“ဒါပေမယ့် ဒီပွဲမှာ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်က ညံ့ဖျင်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ စိတ်ဓါတ်ပိုင်းတွေ စွမ်းအင်တွေ ပိုမို ပြသခဲ့တယ်။ အချို့ကစားသမားတွေလည်း ဝင်ရောက်လာပြီး အသင်းကို ကူညီပေးခဲ့တယ်။ ဒါကြောင့် ဒါက ကောင်းတဲ့ရလဒ်ပါပဲ။” လို့ အမော်ရင်က မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

ယူနိုက်တက်အနေနဲ့ တတိယအဆင့်မှာ အာဆင်နယ်ကို အကောင်းဆုံးပုံစံ ပြသရင်း ကျော်ဖြတ်ခဲ့ပေမယ့် လက်စတာကိုတော့ shaky moments တွေနဲ့ ကျော်ဖြတ်နိုင်ခဲ့ပြီး ပဉ္စမအဆင့်ဆီ တက်လှမ်းခဲ့ပါတယ်။ အက်ဖ်အေဖလား ပဉ္စမအဆင့် ပွဲစဉ်တွေအတွက်ကိုတော့ လာမယ့် တနင်းလာနေ့မှ မဲနှိုက်ရေးဆွဲသွားမှာဖြစ်ပြီး ယူနိုက်တက်က လာမယ့် တနင်္ဂနွေမှာ စပါးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲကျပ်ကို ကစားသွားရပါမယ်။