မနေ့ညက အိုးထရက်ဖိုဒ့်ကွင်းအတွင်းမှာ ယှဉ်ပြိုင်ကစားသွားခဲ့ကြတဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အတ္တလန်တာအသင်းတို့ရဲ့ ချန်ပီယံလိဂ်ပြိ်ုင်ပွဲအတွင်း ဧည့်သည်အတ္တလန်တာက ပထမပိုင်း ပွဲကစားချိန်အတွင်းမှာပဲ အိမ်ရှင်ယူနိုက်တက်ကို (၂)ဂိုးပြတ်နဲ့ အပြတ်အသတ် ဦးဆောင်ထားခဲ့ပေမယ့် ယူနိုက်တက်က ဒုတိယပိုင်းမှာ အကောင်းဆုံး ပြန်လာနိုင်ခဲ့ပြီး ရပ်ရှ်ဖိုဒ့် မက်ဂွိုင်းယားနဲ့ စီရော်နယ်လ်ဒိုတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ (၃)ဂိုး(၂)ဂိုးနဲ့ နိုင်ပွဲရသွားခဲ့ပါတယ်။

Photo Credit : Twitter

ယူနိုက်တက်အသင်းဟာ အမြဲလိုလို ပြိုင်ဘက်အသင်းရဲ့ ဦးဆောင်မှုကို ခံရပြီးမှ နောက်ကနေလိုက်ကစားရင်း နိုင်ပွဲတွေ ရှာဖွေတတ်တဲ့ အသင်းတစ်သင်း ဖြစ်နေပေမယ့် အသင်းရဲ့ ကစားသမားဟောင်းဖြစ်သူ ပေါလ်စခိုးကတော့ အသင်းရဲ့ ပထမပိုင်း ကစားပုံကိုကြည့်ပြီး အတော်လေးကို စိတ်ပူပန်ခဲ့ရကြောင်း ဒုတိယပိုင်းပွဲချိန်ကပါ ဆက်ကြည့်ချင်စိတ် မရှိလာသလိုပါ ဖြစ်ခဲ့ရတယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ အသင်းရဲ့ ကစားပုံနဲ့ပတ်သက်ပြီး ပေါလ်စခိုးက “ကျွန်တော် စိတ်လှုပ်ရှားမှုအားလုံးကို ရရှိခဲ့ပါတယ်။ ဒါပေမယ့် ပထမပိုင်း ပွဲကစားချိန်အတွင်း ပြသခဲ့တဲ့ ခြေစွမ်းမျိုးကိုတော့ ကျွန်တော် သဘောမကျမိပါဘူး။ ပထမပိုင်း ကစားနေတာကိုကြည့်ပြီး ဒုတိယပိုင်းကိုတောင် ဆက်မကြည့်ချင်အောင် ဖြစ်မိရတယ်”

Photo Credit : The Independent

“ပထမပိုင်း ကစားပုံက အတော်လေးကို စိတ်ပူပင်စရာကောင်းခဲ့ရပါတယ်။ အသင်းက စည်းလုံးမှုမရှိသလိုနဲ့ ဒါက အသင်းအတွက် စိုးရိမ်စရာကောင်းတဲ့ လက္ခဏတစ်ခုပါ။ ဒီလို ပုံစံမျိုးနဲ့ သူတို့တွေ လီဗာပူးလ်အသင်းကို ကစားနိုင်မလား။ ဘယ်လိုမှကို ဖြစ်လာနိုင်မှာ မဟုတ်ဘူး။ မန်စီးတီးအသင်းကိုရော ဒီလိုပုံစံမျိုးနဲ့ ကစားနိုင်ဦးမလား။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်နေရတဲ့ ထိပ်တန်းကလပ်အသင်းက ဒီလိုပုံစံမျိုးနဲ့ ကစားနိုင်မလား။ ကျွန်တော်က အသင်းရဲ့နိုင်ပွဲအပေါ်ကို မပျော်မရွှင် ဖြစ်နေတာလားလို့တော့ မထင်စေချင်ဘူး။ ဒါပေမယ့် အသင်းရဲ့ ပထမပိုင်း ပွဲချိန်အတွင်း ကစားသွားခဲ့တဲ့ ပုံစံကတော့ ကျွန်တော့်ကို အတော်လေး စိတ်ပူစေခဲ့လို့ပါ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းနည်းပြ အိုလေဂန်နာဆိုးလ်ရှားကတော့ အသင်းရဲ့ ကစားပုံနဲ့ပတ်သက်ပြီး ကာကွယ်ပြောဆိုမှုတွေကို ပြောဆိုလာခဲ့ပေမယ့်လည်း အသင်းရဲ့ ပေးဂိုးတွေအတွက်ကိုတော့ သူအနေနဲ့ ဒေါသထွက်မိတယ်လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။