ကမ္ဘာကျော် အားကစားသတင်းမီဒီယာကြီးတစ်ခုဖြစ်သော EUROSPORT ကနေ ဒီရက်ပိုင်းအတွင်းမှာပဲ သူတို့ရဲ့ ပရိသတ်များအတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ မဲပေးရွေးချယ်မှုကြီးတစ်ခုကို ပြုလုပ်ကျင်းပခဲ့ပါတယ်။ ဒီမဲပေးရွေးချယ်မှု အစီအစဉ်မှာတော့ (၂၁)ရာစုအတွင်း အကောင်းဆုံးသော ဘောလုံးအသင်းတစ်သင်းကို ရွေးချယ်ခိုင်းခဲ့တာဖြစ်ပြီး မဲပေးမှုရဲ့ အဆုံးသတ်မှာတော့ ဂန္တဝင်ဘောလုံးနည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန် ကိုင်တွယ်ခဲဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းက အကောင်းဆုံးဘောလုံးအသင်းအဖြစ် မဲပေးရွေးချယ်ခံခဲ့ရပါတယ်။

Photo Credit : 90Min

EUROSPORT အားကစားမီဒီယာရဲ့ မဲပေးမှုမှာ သူတို့ရွေးချယ်ထားခဲ့တဲ့ အကောင်းဆုံး ဘောလုံးအသင်း(၃၂)သင်းအထိ ပါဝင်ခဲ့ပြီး ပြီးခဲ့တဲ့ မေလ(၄)ရက်နေ့ကနေစတင်ကာ မဲပေးမှုတွေကို ပထမအဆင့် (၁၆)သင်းအဆင့် ကွာတားဖိုင်နယ်အဆင့် ဆီမီးဖိုင်နယ်အဆင့်နဲ့ ဖိုင်နယ်အဆင့်အထိ တစ်ဆင့်ချင်းစီ ကျင်းပခဲ့တာဖြစ်ပါတယ်။ ဖာဂူဆန်ရဲ့ ယူနိုက်တက်အသင်းကတော့ ၂၀၀၇-၂၀၁၂ခုနှစ်က ဇင်းနစ်အသင်းကို (၁၆)သင်းအဆင့်မှာ ကျော်ဖြတ်ခဲ့ပြီး ကွာတားဖိုင်နယ်မှာလည်း ဆီမြွန်နီရဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းကိုပါ ဆက်တိုက်ဖြတ်ကျော်နိုင်ခဲ့ပါတယ်။

Photo Credit : Pinterest

ဒါ့အပြင် ဆီမီးဖိုင်နယ်မှာလည်း ရော်နယ်ဒို ဖီဂို ဇီဒန်း ကားလို့စ်တို့လို ကြယ်စင်စုများနဲ့ ဖွဲ့စည်းထားတဲ့ ရီးရဲလ်မက်ဒရစ်အသင်းကိုလည်း ကျော်ဖြတ်နိုင်ခဲ့တဲ့ ယူနိုက်တက်အသင်းဟာ ဖိုင်နယ်မှာ ဂွာဒီယိုလာရဲဲ့ ဘာစီလိုနာအသင်းနဲ့ ရင်ဆိုင်ခဲ့ရကာ ဘာစီလိုနာက မဲပေးမှု ၄၀%သာ ရရှိခဲ့ပြီး ယူနိုက်တက်အသင်းက မဲပေးမှု ၆၀%နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ တကယ်တော့ ဖာဂူဆန်ရဲ့ ယူနိုက်တက်အသင်းနဲ့ ဂွာဒီယိုလာရဲ့ ဘာစီလိုနာအသင်းတို့ဟာ ချန်ပီယံလိဂ်ဖိုင်နယ်မှာ တွေ့ဆုံခဲ့ဖူးပြီး အဲ့ဒီအချိန်မှာတော့ ဘာစီလိုနာအသင်းက (၃)ဂိုး(၁)ဂိုးနဲ့ အနိုင်ရယူခဲ့ပြီး ချန်ပီယံလိဂ်ဖလားကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုမဲပေးမှုမှာတော့ ယူနိုက်တက်အသင်း အသာရခဲ့တာဟာ နည်းပြဖာဂူဆန်နဲဲ့ ယူနိုက်တက်အသင်းတို့က နှစ်ရှည်လက်တွဲခဲ့တာဖြစ်သလို အောင်မြင်မှုပေါင်းစုံကိုလည်း ရယူနိုင်ခဲ့တာကြောင့်ဖြစ်တယ်လို့ EUROSPORT ဘက်ကနေ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။