မကြာခင် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပဲ ကာတာနိုင်ငံက အိမ်ရှင်အဖြစ် ပြုလုပ်သွားမယ့် ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲကို စတင် ကျင်းပတော့မှာဖြစ်လို့ ပရိသတ်တွေနည်းတူ ကစားသမားတွေလည်း စိတ်လှုပ်ရှားနေကြပြီး သက်ဆိုင်ရာ လက်ရွေးစင်အသင်းတွေနဲ့ world cup ကို ဆင်နွဲရဖို့အတွက်ကိုလည်း ပစ်မှတ်ထားနေကြပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ပြင်းထန်လှတဲ့ ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်ရပြီး world cup ကို သေချာပေါက် လွဲချော်ရတော့မယ့် ထိပ်သီး ကစားသမားတွေလည်း ရှိနေရပါတယ်။ သူတို့တွေကတော့…

ဝိုင်နယ်လ်ဒန်

အသက်(၃၁)နှစ်အရွယ် နယ်သာလန် ကွင်းလယ်လူ ဝိုင်နယ်လ်ဒန်က ပီအက်စ်ဂျီကနေ ရိုးမားအသင်းဆီ ပြောင်းရွှေ့ပြီး ရက်ပိုင်းအကြာမှာ ညို့သကျီးရိုးကျိုးသွားတာကြောင့် လာမယ့် ၂၀၂၃ခုနှစ် နှစ်လယ်ပိုင်းလောက်အထိ အနားယူရတော့မှာဖြစ်လို့ ကမ္ဘာ့ဖလားပြိုင်ပွဲကို သေချာပေါက် လွဲချော်ရတော့မှာပဲ ဖြစ်ပါတယ်။

ကန်တေ

ချယ်လ်ဆီးနဲ့ပြင်သစ်အသင်းတို့ရဲ့ ကွင်းလယ်လူ ကြွက်ကလေး ကန်တေကတော့ စပါးနဲ့ ကစားခဲ့ရတဲ့ လန်ဒန်ဒါဘီပွဲအတွင်း ရရှိခဲ့တဲ့ တံကောက်ကြောဒဏ်ရာကနေ အနားယူလာရာကနေ အခုလည်း အဲ့ဒီဒဏ်ရာကြောင့်ပဲ (၄)လလောက်အထိ ဆက်လက် အနားယူရတော့မှာဖြစ်လို့ ကမ္ဘာ့ဖလားကို လုံးဝ လွဲချော်ရပါတော့မယ်။

အာရူဟို

စက်တင်ဘာလနှောင်းပိုင်းမှာပဲ ပေါင်ဒဏ်ရာ ပြသာနာကို ခွဲစိတ်မှု ခံယူလိုက်ရတဲ့ ဘာစီလိုနာနဲ့ ဥရုဂွေး နောက်ခံကစားသမား အာရူဟိုဟာ ဒီဇင်ဘာလလောက်အထိ အနားယူရတော့မှာဖြစ်လို့ ဥရုဂွေးနဲ့အတူ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဆီ လိုက်ပါရတော့မှာ မဟုတ်ပဲ ၂၀၂၃ခုနှစ် နှစ်စပိုင်းလောက်မှ ဘောလုံးပြန်ကစားရဖွယ် ရှိနေရပါတယ်။

ဒီဘားလား

ရိုးမားနဲ့ အာဂျင်တီးနား တိုက်စစ်ကစားသမား ပေါ်လိုဒီဘားလားဟာလည်း ရိုးမားအတွက် ကစားပေးနေရင်းနဲ့ တံကောက်ကြောဒဏ်ရာ ရရှိသွားခဲ့လို့ ကမ္ဘာ့ဖလား ကျင်းပမယ့် အချိန်လောက်အထိ အနားယူရတော့မှာဖြစ်လို့ အာဂျင်တီးနားရဲ့ world cup squad မှာ မပါဝင်ရဖို့က အခြေအနေများလို့နေပါတယ်။ လက်ရှိမှာတော့ ဒီဘားလားက သူရဲ့ဒဏ်ရာကို အလျင်အမြန် သက်သာလာအောင် ကြိုးစားကုသလျက် ရှိနေပါတယ်။

ဂျိုတာ

မန်စီးတီးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်မှာ ခြေသလုံးဒဏ်ရာ ရရှိသွားခဲ့တဲ့ တိုက်စစ်ကစားသမား ဂျိုတာဟာ ကာလအတန်ကြာ အနားယူသွားရဖို့ ရှိနေတဲ့အတွက်ကြောင့် ဒါဟာ လီဗာပူးလ်အသင်းအတွက်ရော ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ဆင်နွဲရမယ့် ပေါ်တူဂီအသင်းအတွက်ပါ နစ်နာစရာ ဖြစ်လာရနိုင်ပါတယ်။