MySport Myanmar

စီးတီးထက်စာရင် ယူနိုက်တက်နဲ့ တွေ့ရတာက တော်ပါသေးတယ်လို့ ဆိုလာတဲ့ ကိုဗင်ထရီ နောက်ခံလူ

ကိုဗင်ထရီစီးတီးအသင်းရဲ့ ညာနောက်ခံကစားသမား မီလန် ဗန်အေဗေ့က အက်ဖ်အေဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်မှာ မန်စီးတီးအသင်းနဲ့ ရင်ဆိုင်ရတာထက် မန်ချက်စတာ ယူနိုက်တက်နဲ့ တွေ့ဆုံနေရတာက တော်သေးတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

ချန်ပီယံရှစ်ကလပ် ကိုဗင်ထရီအသင်းဟာ အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာ ဝုလ်ဗ်အသင်းကို နောက်ကျ အနိုင်ဂိုးနဲ့ ကျော်ဖြတ်လာခဲ့ပြီးနောက် အခုလို မန်ယူနိုက်တက်အသင်းနဲ့ ဆီမီးဖိုင်နယ်မှာ ထိပ်တိုက် တွေ့ဆုံနေတာပဲ ဖြစ်ပါတယ်။

Photo Credit : Manchester United

ကိုဗင်ထရီအသင်းဟာ ချန်ပီယံရှစ် အမှတ်ပေးဇယားမှာ အဆင့်(၈)နေရာထိ ရပ်တည်နေတဲ့ အသင်းတစ်သင်းဖြစ်ပြီး မနှစ်ကလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ တန်းတက်လာဖို့ အနီးစပ်ဆုံး အခြေအနေအထိ ရောက်ခဲ့ရပေမယ့် ပလေးအော့ ဖိုင်နယ်မှာ လူတန်တောင်းကို ရှုံးနိမ့်ခဲ့ရလို့ ချန်ပီယံရှစ်မှာသာ ပြန်ကစားခဲ့ရပါတယ်။

အခုတော့ ကိုဗင်ထရီက ပရီးမီးယားလိဂ်က ဝုလ်ဗ်အသင်းကို အကောင်းဆုံး ကျော်ဖြတ်ပြီး အက်ဖ်အေဖလားရဲ့ ဆီမီးဖိုင်နယ်အဆင့်ထိပါ တက်လှမ်းလာနိုင်ခဲ့ပြီဖြစ်လို့ နောက်ထပ် ဘယ်လို အံ့အားသင့်စရာတွေ ထပ်မံ လုပ်ပြနိုင်ဦးမလဲဆိုတာ စောင့်ကြည့်ချင်စရာ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : The European Lad

ဒါပေမယ့် ကိုဗင်ထရီက အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ဝုလ်ဗ်ထက် ပိုမို အင်အားကြီးတဲ့ ယူနိုက်တက်နဲ့ ဆုံတွေ့ရမှာမို့ ယူနိုက်တက်ကို ကျော်ဖြတ်နိုင်ဖို့က ခက်ခဲနိုင်တယ် ဆိုပေမယ့် ကိုဗင်ထရီ ညာနောက်ခံလူ အေဗေ့ကတော့ ယူနိုက်တက်နဲ့ ရင်ဆိုင်ရမှာက သူတို့အသင်းအတွက် ဘာမှ စိုးရိမ်စရာ ရှိမနေဘူးလို့ ဆိုလိုက်ပါတယ်။

“မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ တွေ့ဆုံနေရတာက ကောင်းပါတယ်။ မန်စီးတီးအသင်းနဲ့သာ ရင်ဆိုင်ရမယ်ဆိုရင်တော့ တော်တော်လေးကို အခွင့်အရေး မရှိတော့သလို ဖြစ်သွားရလိမ့်မယ်။ မန်ယူနိုက်တက်အသင်းကိုတော့ ကျွန်တော် လေးစားပါတယ်။ သူတို့က ထိပ်တန်း ကလပ်အသင်း တစ်သင်းဆိုပေမယ့် သူတို့မှာ အဆင်မပြေတဲ့ ကစားဟန်တွေ အားနည်းချက်တွေ ရှိနေပါတယ်။” လို့ အေဗေ့က မှတ်ချက်ပြုသွားခဲ့ပါတယ်။

Exit mobile version