စပါးအသင်းနည်းပြ အန်တိုနီယိုကွန်တီက သူနဲ့ အင်တာမီလန်အသင်းမှာ လက်တွဲခဲ့ဖူးပြီး သူလက်ရှိ ကိုင်တွယ်နေတဲ့ ကိုင်တွယ်နေတဲ့ စပါးအသင်းမှာပါ ပါဝင်ကစားခဲ့ဖူးတဲ့ ဒိန်းမတ်ကွင်းလယ်ကစားသမား ခရစ္စတီယန်အဲရစ်ဆင်ကို စပါးအသင်းမှာ လေ့ကျင့်ခန်းတွေ လာရောက်ပြုလုပ်သွားဖို့ ဖိတ်ခေါ်လိုက်တယ်လို့ သိရှိရပါတယ်။

Photo Credit : The Sun

အသက်(၂၉)နှစ်အရွှယ်ရှိ ဒိန်းမတ်လက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမား အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂ဝပြိုင်ပွဲမှာပဲ နှလုံးပြသာနာကြောင့် ကွင်းအတွင်း လဲကျခဲ့ပြီး အသက်သေဆုံးနိုင်တဲ့ အန္တရာယ်မျိုးနဲ့ ကြုံတွေ့ခဲ့ရပေမယ့် အသက်ဘေးကနေ လွတ်မြောက်ခဲ့ရသလို အခုဆိုရင် နှလုံးကို စက်တပ်ဆင်ထားပြီး သူရဲ့ဘောလုံးသမားဘဝကိုပါ ရှေ့ဆက်နိုင်မယ့် အလားအလာကောင်းတွေကိုပါ ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။ အီတလီ ဘောလုံးအဖွဲ့ချုပ်ကနေ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအရ အင်တာမီလန်အသင်းမှာ ဘောလုံးဆက်ကစားဖို့ မဖြစ်နိုင်တော့လို့ အသင်းနဲ့ စာချုပ်ဖျက်သိမ်းထားရတဲ့ အဲရစ်ဆင်ဟာ အခုဆို အသင်းလက်မဲ့ ကစားသမားဘဝကို ရောက်ရှိနေပေမယ့် မကြာခင်မှာပဲ အသင်းတစ်သင်းဆီကို ပြောင်းရွှေ့ပြီး သူရဲ့ဘောလုံးသမားဘဝကို ဆက်က်ဖြတ်သန်းသွားဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။

Photo Credit : The Sun

ဒီလို အခြေအနေမျိုး ရှိလို့နေတဲ့ အဲရစ်ဆင်ကို စပါးနည်းပြကွန်တီက သူတို့အသင်းမှာ လေ့ကျင့်ခန်းဆင်းမှုတွေ လာရောက်ပြုလုပ်ဖို့ ဖိတ်ခေါ်ခဲ့သလို သတင်းတချို့မှာကလည်း ကွန်တီအနေနဲ့ အဲရစ်ဆင်ကို စပါးအသင်းဆီပါ ခေါ်ဆောင်နိုင်ဖွယ် ရှိနေတယ်လို့ ဖော်ပြထားကြပါတယ်။ အဲရစ်ဆင်နဲ့ပတ်သက်ပြီးတော့လည်း ကွန်တီက “သူ့ကို ကွင်းအတွင်းမှာ ပြန်လည်မြင်တွေ့နေရတာ ဘောလုံးတွေ ကန်နေတာကို ပြန်မြင်တွေ့နေရတာ အရမ်းကို ဝမ်းမြောက်မိပါတယ်။ ပြီးခဲ့တဲ့ နွေရာသီမှာ ဖြစ်ပျက်သွားခဲ့တာတွေက သူ့အတွက်ရော သူနဲ့ တွဲဖကက်ပြီး အလုပ်လုပ်နေတဲ့သူတွေ သူနဲ့ရင်းနှီးနေတဲ့ သူတွေအတွက် သိပ်မကောင်းခဲ့ပါဘူး။ အဲ့ဒီအခိုက်အတန့်တုန်းက ကျွန်တော် တော်တော်လေး ထိပ်လန့်ခဲ့ရပါတယ်။ အခုအချိန်မှာတော့ ဘောလုံးပြန်ကစားဖို့အတွက် အဆင့်သင့် ဖြစ်လို့နေတဲ့ သူ့ကို ပြန်တွေ့နေရတာ အရမ်းကောင်းပါတယ်။ ကျွန်တော်တို့ဘက်ကနေလည်း ခရစ္စတီယန်အတွက်ဆိုရင် အမြဲကြိုဆိုလျက် ရှိနေပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။