ဝက်စ်ဟမ်း နည်းပြ မိုယက်စ်ကတော့ မနက်ဖြန်ည မန်ယူအသင်းနဲ့ ကစားရမယ့် ပရီးမီးယားလိဂ်အဝေးကွင်း ပွဲစဉ် မတိုင်ခင်မှာ သူ နဲ့ နည်းပြ ဆိုးလ်ရှားကြားက ခြားနားချက်မှာ လက်ရှိ နည်းပြ ဆိုးလ်ရှားက အချိန်အပေးခံရတယ်လို့ ပွဲကြို သတင်းစာ ရှင်းလင်းစဉ်မှာ ပြောသွားခဲ့ပါတယ်။ နည်းပြ မိုယက်စ်ဟာ အဲဗာတန်အသင်းကို (၁၁) နှစ်ကြာ နည်းပြခဲ့စဉ်က ရလဒ်ကောင်းတွေကို ရရှိနိုင်ခဲ့တာကြောင့် မန်ယူအသင်းကနေ နည်းပြ ဖာဂူဆန် အနားယူသွားပြီးတဲ့နောက် လွန်ခဲ့တဲ့ (၂၀၁၂-၂၀၁၃) ခုနှစ်မှာ မန်ယူအသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

နည်းပြ မိုယက်စ်ဟာ မန်ယူအသင်းကို နည်းပြခဲ့စဉ်က ပရီးမီးယားလိဂ် ရယူခဲ့ကြတဲ့ အသင်းရဲ့ ကစားသမားကောင်းတွေကို နည်းပြခဲ့ရပေမယ့်လည်း ရလဒ်ဆိုးခဲ့တာကြောင့် မန်ယူအသင်းကို နည်းပြပြီး (၁၀) လအကြာမှာတော့ မန်ယူနည်းပြအဖြစ်ကနေ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ နည်းပြ မိုယက်စ်ဟာ လက်ရှိအချိန်မှာတော့ ဝက်စ်ဟမ်းအသင်းကို နည်းပြပြီး ယခင်အပတ်က ဝက်ဖို့ဒ်အသင်းကို (၃-၁) ရလဒ်နဲ့ အနိုင်ရယူခဲ့ပြီးနောက် ယခုအပတ်မှာတော့ အသင်းဟောင်း ဖြစ်တဲ့ နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းနဲ့ အိုးထရက်ဖို့ဒ်ကွင်းမှာ ကစားသွားမှာ ဖြစ်ပါတယ်။

Photo Credit: Goal

မန်ယူ နည်းပြဟောင်း မိုယက်စ်က “မန်ယူအသင်းက အလွန် အံ့အားသင့်စဖွယ် အသင်း ဖြစ်ပြီး နေလို့ ကောင်းတဲ့ အသင်း ဖြစ်ပါတယ်။ ကျွန်တော့်အတွက်ကတော့ ကမ္ဘာ့ အကြီးဆုံးအသင်းပဲ ဖြစ်ပါတယ်။ အဲဒီကွင်းကို သွားရောက်ကစားရမှာ ဖြစ်လို့ အထူး ကောင်းမွန်ပြီး သူတို့နဲ့ ပွဲစဉ်ကို စောင့်မျှော်ပါတယ်။ နည်းပြ ဆိုလ်းရှားက အစပိုင်းမှာ အခက်အခဲ ရှိခဲ့ပါတယ်။ ဒါပေမယ့် သူ နဲ့ ကျွန်တော်ကြားက ခြားနားမှုက သူက အချိန်ပေးခံရပါတယ်။ သူက အကယ်ဒမီအသင်းရဲ့ ကစားသမားတွေကို အသုံးပြုခဲ့ပြီး ဒါက မန်ယူအသင်းရဲ့ ရပ်တည်မှု ဖြစ်ပါတယ်။ အခု ဆိုရင် သူတို့ အလွန် စိတ်လှုပ်ရှားဖွယ် ကောင်းတဲ့ ကစားသမားတွေ ရရှိထားပါတယ်”လို့ ဆိုပါတယ်။