MySport Myanmar

သင်္ချာနည်းအရ တန်းဆင်းဇုန်ကနေ လွတ်မြောက်သွားခဲ့ရတဲ့ ချယ်လ်ဆီး

ချယ်လ်ဆီးအသင်းဟာ ဂရေဟမ်ပေါ်တာကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးတဲ့နောက် အသင်းရဲ့ legend player ကြီး ဖရန့်လမ်းပတ်ကို ယာယီနည်းပြအဖြစ် ရာသီကုန်အထိ အသင်းကို ကိုင်တွယ်ပေးဖို့ တာဝန်ပေးခဲ့ပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးက လမ်းပတ် လက်ထက်မှာ ရှုံးပွဲတွေ ဆက်ခဲ့ရပြီး တန်းဆင်းဇုန်နားက အသင်းတွေနဲ့ပါ အမှတ်ကပ်လာတဲ့အထိ အခြေအနေ ဆိုးရွှားသွားခဲ့ရပါတယ်။

Photo Credit :  CaughtOffside

ယာယီနည်းပြ လမ်းပတ်လက်ထက် ပြိုင်ပွဲစုံ (၆)ပွဲ ပရီးမီးယားလိဂ် (၄)ပွဲထိ ရှုံးပွဲတွေ ဆက်နေရတဲ့ ချယ်လ်ဆီးဟာ မနေ့ညက ဗိုက်တယ်လက်တီကွင်းမှာ form ကောင်းတစ်ခု ရရှိနေတဲ့ ဘုန်းမောက်အသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး ဂယ်လာဂါ ဘာဒီအက်ရှီလီ ဂျာအိုဖေးလစ်တို့ရဲ့ ဂိုးတွေနဲ့ ဘုန်းမောက်ကို အနိုင်ရသွားခဲ့ပါတယ်။ ဒီနိုင်ပွဲဟာ လမ်းပတ်ရဲ့ ပထမဆုံးသော နိုင်ပွဲ ပထမဆုံးသော ရမှတ်ဖြစ်ပြီး အခုလို အနိုင်ရလိုက်တာကြောင့် သင်္ချာနည်းအရ တန်းဆင်းဇုန်ကနေပါ လွတ်မြောက်သွားခဲ့ရလို့ အသင်းပရိသတ်တွေက ဟာသနှောကာ အောင်ပွဲခံနေကြပါတယ်။

Photo Credit : Daily Mail

ပုံမှန်ဆိုရင် ချယ်လ်ဆီးဆိုတဲ့ ကလပ်အသင်းက ပရီးမီးယားလိဂ် ချန်ပီယံ ဒါမှမဟုတ် ချန်ပီယံလိဂ်ဝင်ခွင့် သို့မဟုတ် အနိမ့်ဆုံး ယူရိုပါလိဂ်ဝင်ခွင့်လောက်အတွက် ကြိုးပမ်းရတာ ဖြစ်ပေမယ့်လည်း လက်ရှိမှာတော့ တန်းမဆင်းရအောင် လုပ်ဆောင်နေရတဲ့ အခြေအနေမျိုး ဖြစ်နေတဲ့အပေါ် အသင်းပရိသတ်တွေက စိတ်ပျက်နေကြတာရတာ ဇြစ်ပါတယ်။ ဒါပေမယ့်လည်း အသင်းက တောက်လျှောက် နိုင်ပွဲပျောက်နေရင်းကနေ ခုလို နိုင်ပွဲ ပြန်လည် ရရှိတဲ့အပေါ် အတော်လေး ပျော်ရွှင်နေကြပြီး သင်္ချာနည်းအရ တန်းမဆင်းနိုင်တော့တဲ့အပေါ် အောင်ပွဲခံနေကြပါတယ်။

Photo Credit : Daily Mail

“နောက်ဆုံးတော့ နိုင်ပွဲတစ်ပွဲ ရခဲ့ပြီ။ သချာင်္နည်းအရဆိုရင်လည်း တန်းဆင်းဇုန်ကနေ လွတ်မြောက်သွားပြီ။ ကျွန်တော့်မျက်လုံးထဲမှာလည်း မျက်ရည်တွေ အပြည့်နဲ့ပါပဲ။ ကမ္ဘာတစ်ဝန်းက ချယ်လ်ဆီး ပရိသတ်တွေအတွက် ပျော်စရာ weekend ပါ” “လမ်းပတ်က သူ ကိုင်တွယ်တဲ့ အသင်းတိုင်းကို တန်းမဆင်းရအောင် စွမ်းဆောင်နိုင်ခဲ့ပါပြီ။” “ကျွန်တော်တို့အတွက် ကြီးမားတဲ့ နိုင်ပွဲပါ။ တန်းမဆင်းရဖို့ safe ဖြစ်သွားပြီ။ နောက်နှစ်လည်း ပရီးမီးယားလိဂ်မှာပဲ ထပ်ဆုံကြတာပေါ့။” လို့ ချယ်လ်ဆီးပရိသတ်တွေက အသင်းရဲ့ လက်ရှိ အခြေအနေပေါ် ပျက်ရယ်ပြုရင်း အောင်ပွဲခံသွားခဲ့ကြပါတယ်။

Exit mobile version