MySport Myanmar

အခုနှစ် နွေစျေးကွက်အတွင်း အသုံးစရိတ် အများဆုံး ဖြစ်နေရတဲ့ အသင်း(၅)သင်း

အခုနှစ် နွေရာသီ အပြောင်းအရွှေ့ဈေးကွက်က ပိတ်သိမ်းသွားခြင်း မရှိသေးပေမယ့် လက်ရှိအချိန်ထိ ကစားသမားသစ် ခေါ်ယူမှုတွေအတွက် အသုံးစရိတ်များစွာ လုပ်ဆောင်ထားတဲ့ ကလပ်အသင်းတွေထဲကမှ biggest spenders (၅)သင်းအကြောင်းကို စုစည်းဖော်ပြပေးသွားချင်ပါတယ်။

(၅)ဝက်စ်ဟမ်း

နံပါတ်(၅)နေရာမှာ ရပ်တည်နေတဲ့ အသင်းကတော့ ဝက်စ်ဟမ်းပါ။ ကွန်းဖရန့်စ်လိဂ် ဝင်ခွင့်ရရှိထားတဲ့ ဝက်စ်ဟမ်းက နွေဈေးကွက်ထဲမှာ ဆကာမာကာ ဂယ်ဟာ အီမာဆန် ကော်နတ်တို့လို ကစားသမားကောင်း(၆)ဦးကို ခေါ်ယူခဲ့ပြီး ယူရို(၁၃၉)သန်းအထိ အသုံးပြုထားခဲ့ပေမယ့် လက်ရှိမှာတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း တစ်မှတ်မှ မရသေးပဲ အမှတ်ဇယားရဲ့ အောက်ဆုံးကို ရောက်ရှိနေပါတယ်။

(၄)မန်ချက်စတာယူနိုက်တက်

မာလာစီယာ အဲရစ်ဆင် မာတီနက်ဇ်တို့ကို ခေါ်ယူအပြီး ဈေးကွက်မှာ သတင်းတွေသာ ထွက်နေရတဲ့ ယူနိုက်တက်အသင်းဟာ ရီးယဲလ်ရဲ့ စူပါစတား ကစားသမား ကတ်စီမီရိုကို ထပ်မံ ခေါ်ယူလိုက်နိုင်တာကြောင့် သူတို့အသင်းရဲ့ အသုံးစရိတ်က ယူရို(၁၄၃)သန်းအထိ ဖြစ်လာခဲ့ရပြီး ဈေးကွက်မပိတ်ခင် နောက်ထပ် ကစားသမားတွေကိုပါ ဆက်လက် ခေါ်ယူဖွယ် ရှိနေပါတယ်။

(၃)နော်တင်ဟမ်ဖောရက်စ်

ပရီးမီးယားလိဂ်ကို နှစ်ပေါင်း(၂၃)နှစ်အကြာမှ တစ်ကျော့ပြန် ရောက်ရှိလာခဲ့တဲ့ တန်းတတ် နော်တင်ဟမ်ဟာလည်း မထင်ထားလောက်အောင် ကစားသမားသစ်တွေ စုပြုံခေါ်ယူလို့နေပြီး လင်ဂတ် ဒင်းဟန်ဒါဆင် နီကိုဝီလီယံစ် ဖရူလာ ဒန်းနစ် ဂစ်ဘ်စ်ဝှိုက် အာဝိုနီယီ အစရှိတဲ့ ကစားသမား(၁၆)ယောက်အတွက် စုစုပေါင်း အသုံးစရိတ် ယူရို(၁၄၈)သန်းအထိ သုံးစွဲထားခဲ့ပြီး ဆက်လက် သုံးစွဲဖွယ်လည်း ရှိနေပါတယ်။

(၂)ဘာစီလိုနာ

ဘဏ္ဍာရေး အကျပ်အတည်းတွေ ရင်ဆိုင်နေရတဲ့ကြားကနေ အသင်းဥက္ကဌ လာပေါ်တာရဲ့ လုပ်နိုင်ကိုင်နိုင်စွမ်းတွေနဲ့ လီဝန်ဒေါစကီး ခွန်ဒဲ ရာဖင်ညာတို့ကို ခေါ်ယူထားနိုင်ခဲ့တဲ့ ဘာစီလိုနာအသင်းဟာ စုစုပေါင်း အသုံးစရိတ် ယူရို(၁၅၃)သန်းအထိ အသုံးပြုထားခဲ့ပေမယ့်လည်း လက်ရှိမှာ ခွန်ဒဲကို လာလီဂါမှာ ကစားသမား မှတ်ပုံတင်နိုင်ဖို့အတွက် ငွေကြေး လိုအပ်ချက်တွေ ရှိနေရပါတယ်။

(၁)ချယ်လ်ဆီး

ပိုင်ရှင်သစ် တော့ဒ်ဘိုလီလက်ထက် ပထမဆုံးအကြိမ် ဖြတ်သန်းနေရတဲ့ ဈေးကွက်အတွင်းမှာ ချယ်လ်ဆီးအသင်းဟာ ကူကူရယ်လာ စတာလင် ကူလီဘလီတို့ အပါအဝင် ကစားသမားသစ် (၆)င်္ဦးအတွက် စုစုပေါင်း ယူရို(၂၀၂)သန်းအထိ အသုံးပြုထားပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးက အခုအကြိမ်အထိ ကစားသမား ထပ်မံ ဖြည့်တင်းဖို့ လိုအပ်နေသေးပြီး နောက်ထပ် ကစားသမား(၃)ဦးခန့်လောက် ခေါ်ယူရဖွယ် ရှိနေပါတယ်။

Exit mobile version