မနေ့ညက ဘိုင်ယန်မြူးနစ်အသင်းရဲ့အိမ်ကွင်း အလိုင်းရန့်အရီနာမှာ ကျင်းပခဲ့တဲ့ ဘိုင်ယန်နဲ့ ဘင်ဖီကာအသင်းတို့ရဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာ ဘိုင်ယန်အသင်းရဲ့ ပိုလန်ဂိုးသွင်းစက်ကြီး ရောဘတ်လီဝန်ဒေါစကီးက သူ့ကစားသမားဘဝရဲ့ အမှတ်တရပွဲစဉ်အဖြစ် ပါဝင်ကစားသွားခဲ့ပြီး အသင်းအတွက်ကိုပါ ဟက်ထရစ် သွင်းယူပေးခဲ့သလို အသင်းကိုလည်း (၁၆)သင်း ရှုံးထွက်အဆင့်ဆီကို စောစောစီးစီး တတ်လှမ်းခွင့်ရအောင် လက်မှတ်ဖြတ်ပေးနိုင်ခဲ့ပါတယ်။

Photo Credit : Goal

ဒီပွဲစဉ်ဟာ ပိုလန်လက်ရွေးစင် တိုက်စစ်ကစားသမား လီဝန်ဒေါစကီးအတွက် ချန်ပီယံလိဂ်ပွဲပေါင်း တစ်ရာအတိပြည့်ခဲ့တဲ့ အမှတ်တရပွဲတစ်ပွဲ ဖြစ်ခဲ့ပြီးတော့ အဲ့ဒီလို ရာပြည့်ပွဲမှာပါ ပိုပြီးအမှတ်တရ ဖြစ်သွားစေမယ့် ဟက်ထရစ်သွင်းဂိုးကိုပါ အရယူဆောင်ပြခဲ့ပါတယ်။ တကယ့်ကို ပြီးပြည့်စုံလှတဲ့ No(9) Striker တစ်ယောက်ဖြစ်ကြောင်းကို သွင်းဂိုးတွေနဲ့ အကောင်းဆုံး သက်သေပြနိုင်ခဲ့ပါတယ်။ ဒီလို ဂိုးသွင်းအားကောင်းလှတဲ့ တိုက်စစ်မှူးကောင်းတစ်ဦးကို ပိုင်ဆိုင်ထားရတဲ့ ဘိုင်ယန်အသင်းအတွက်လည်း ပွဲတိုင်းလိုလိုမှာ ဂိုးတွေရဖို့ကို စိတ်ပူနေစရာမလိုလောက်အောင် ဖြစ်နေရမှာ အသေအချာပါပဲ။

Photo Credit : Twitter

ချန်ပီယံလိဂ်မှာ အခုလို ပွဲတစ်ရာပြည့်သွားခဲ့ရတဲ့ လီဝန်ဒေါစကီးဟာ အဲ့ဒီပွဲတစ်ရာအတွင်းမှာ သွင်းဂိုးစုစုပေါင်း (၈၁)ဂိုးအထိကို သွင်းယူနိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ်ရဲ့ တကယ့်ဆရာကြီး(၂)ယောက်ဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်လ်ဒို လီယွန်နယ်မက်ဆီတို့နဲ့ ယှဉ်ကြည့်မယ်ဆိုရင် သွင်းဂိုး(၈၀)ကို ပွဲအနည်းဆုံးနဲ့ ရယူနိုင်တဲ့ ကစားသမားအဖြစ်နဲ့ပါ သတ်မှတ်ရမှာဖြစ်ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း သွင်းဂိုး(၈၀)ဂိုးကို မက်ဆီက ပွဲပေါင်း(၁၀၂)ပွဲမှာ ရယူနိုင်ခဲ့တာဖြစ်သလို ရော်နယ်လ်ဒိုကတော့ ပွဲပေါင်း(၁၁၆)ပွဲမှသာ ပြည့်မြောက်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီနှစ်ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်းမှာလည်း လီဝန်ဒေါစကီးက ချန်ပီယံလိဂ်သွင်းဂိုးစုစုပေါင်း (၈)ဂိုးအထိ သွင်းယူထားပြီး သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နေသလို သူရဲ့အနောက်မှာ အေဂျက်စ်က ဟယ်လာ(၆)ဂိုး ယူနိုက်တက်ရဲ့ ကယ်တယ်ရှင် ရော်နယ်လ်ဒို (၅)ဂိုး လီဗာပူးလ်ရဲ့ မရှိမဖြစ် ဆာလာ(၅)ဂိုးတို့က အသီးသီး ရပ်တည်နေကြပါတယ်။ နောက်ပြီး လီဝန်ဒေါစကီးဟာ ဒီရာသီ ဘွန်ဒစ်လီဂါမှာလည်း သွင်းဂိုး(၁၂)ဂိုးအထိကိုတောင် သွင်းယူထားနိုင်တာဖြစ်လို့ ဥရောပရွှေဖိနပ်ဆုအတွက်ပါ ထပ်မံမျှော်လင့်ချက် ရှိနေသေးတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ လီဝန်ဒေါစကီးဟာ အထောက်တိုက်စစ်မှူးအားလုံးအနက် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆိုရင် ဘယ်သူမှ ငြင်းနိုင်လိမ့်မယ်လို့ မထင်မိပါဘူး။