မနက်ဖြန် နိုဝင်ဘာ (၁၀)ရက်နေ့မှာတော့ အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသွားမယ့် ၂၀၂၃ ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲကို စတင် ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို နိုဝင်ဘာ (၁၀)ရက်နေ့ကနေ ဒီဇင်ဘာ (၂)ရက်နေ့အထိ မြို့ကြီး (၄)မြို့က ဘောလုံးကွင်း (၄)ကွင်းတွင် ကျင်းပမှာဖြစ်ပြီး စုစုပေါင်း အသင်း (၂၄)သင်း ပါဝင် ဆင်နွဲမှာပဲ ဖြစ်ပါတယ်။

ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲကို တရုတ် ဂျပန် တောင်ကိုရီးယား နဲ့ အိန္ဒိယတို့လို အာရှတိုက် နိုင်ငံတွေမှာ ကျင်းပခဲ့ဖူးပေမယ့် အင်ဒိုနီးရှားလို အရှေ့တောင်အာရှ အာဆီယံနိုင်ငံမှာတော့ အခုမှ ပထမဆုံးအကြိမ်အဖြစ် ကျင်းပသွားမှာ ဖြစ်ပါတယ်။

Photo Credit : X

အသင်းပေါင်း (၂၄)သင်းကို (၄)သင်း အုပ်စု (၆)စုစီခွဲထားပြီး အုပ်စု (၆)စုက အုပ်စုပထမ အုပ်စုဒုတိယ (၁၂)သင်း နဲ့ အကောင်းဆုံး အုပ်စုတတိယ (၄)သင်းတို့ကို (၁၆)သင်းရှုံးထွက်အဖြစ် ဆက်လက် ယှဉ်ပြိုင်စေမှာလည်း ဖြစ်ပါတယ်။

အုပ်စု(A)မှာ အိမ်ရှင်အင်ဒိုနီးရှား ၊ အီကွေဒေါ ၊ ပနားမား ၊ မော်ရိုကို အုပ်စု(B)မှာတော့ စပိန် ၊ ကနေဒါ ၊ မာလီ ၊ ဥဇဘတ်ကစ္စတန် အုပ်စု(C)မှာတော့ လက်ရှိချန်ပီယံ ဘရာဇီးလ် အီရန် အင်္ဂလန် နယူးကယ်လ်လီဒိုးနီးယား အုပ်စု(D)မှာတော့ ဂျပန် ပိုလန် အာဂျင်တီးနား ဆီနီဂေါ အုပ်စု(E)မှာတော့ ပြင်သစ် ဘာကီနာဖာဆို တောင်ကိုရီးယား အမေရိကန် နောက်ဆုံးအုပ်စု အုပ်စု(F)မှာတော့ မက္ကဆီကို ဂျာမနီ ဗင်နီဇွဲလား နယူးဇီလန်တို့ ပါဝင်နေပါတယ်။

Photo Credit : Vidio

အုပ်စုပွဲစဉ်တွေကို (၁၀)ရက်နေ့ကနေ (၁၈)ရက်အတွင်း အပြီး ယှဉ်ပြိုင်စေမှာဖြစ်ပြီး (၁၆)သင်းအဆင့်ကိုတော့ (၂၀)ရက်နေ့ကနေ (၂၂)ရက်နေ့အထိ ကွာတားဖိုင်နယ်ကိုတော့ (၂၄) (၂၅)ရက်များနဲ့ ဆီမီးဖိုင်နယ်ကိုတော့ (၂၈)ရက်နေ့တွင် ကျင်းပပါမယ်။ ဒီဇင်ဘာ (၁)ရက်နေ့မှာ တတိယနေရာလုပွဲ နဲ့ ဖိုင်နယ်ကိုတော့ (၂)ရက်နေ့တွင် ကျင်းပသွားမှာ ဖြစ်ပါတယ်။

အခု ၂၀၂၃ ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ခဲ့ဖူးတဲ့ အသင်းတွေက လက်ရှိချန်ပီယံ ဘရာဇီးလ်အပြင် မက္ကဆီကို ပြင်သစ် နဲ့ အင်္ဂလန်တို့သာ ပါဝင်နေပြီး အအောင်မြင်ဆုံး အသင်းဖြစ်တဲ့ နိုင်ဂျီးရီးယားကတော့ ခြေစစ်ပွဲတောင် မအောင်မြင်ခဲ့ပဲ ကျန်ရစ်ခဲ့ပါတယ်။