မန်ချက်စတာစီးတီးအသင်းရဲ့ အမေရိကန်ဂိုးသမား ဇက်စတက်ဖန်က ဝင်ဘာလေကွင်းမှာ လီဗာပူးလ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အက်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အတွင်း သူရဲ့အမှားအယွင်းကနေတစ်ဆင့် ပြိုင်ဘက်လီဗာပူးလ်အသင်းရဲ့ ဒုတိယမြောက် ဦးဆောင်ဂိုး ဖြစ်သွားစေခဲ့ရတဲ့ ဆာဒီယိုမာနေးရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့ရတာဖြစ်သလို ဒီဂိုးကြောင့်ပဲ မန်စီးတီးအသင်းဟာ ပွဲရလဒ် အလှည့်အပြောင်း ဖြစ်လာဖို့ ခက်ခဲသွားခဲ့ရပြီး ပွဲအပြီးမှာလည်း (၂)ဂိုး(၃)ဂိုးနဲ့ အရေးနိမ့်ကာ အက်အေဖလားကနေ ထွက်ခွာသွားခဲ့ရပါတယ်။

Report: Zack Steffen contemplating leaving Manchester City in summer - AS  USA

Photo Credit : AS USA

အသက်(၂၇)နှစ်အရွှယ်ရှိ အမေရိကန်လက်ရွေးစင် ဂိုးသမား စတက်ဖန်ဟာ စနေနေ့ညက ဝင်ဘာလေကွင်းအတွင်း ယှဉ်ပြိုင်ခဲ့တဲ့ အက်အေဖလားပွဲစဉ်အတွင်း အသင်းရဲ့ ပင်တိုင်ဂိုးသမား အီဒါဆင်ကို ကျော်လွန်ပြီး ပွဲထွက်ဂိုးသမားအဖြစ် ပွဲထွက်ခဲ့ရပေမယ့်လည်း ပထမပိုင်းအတွင်းမှာပဲ (၃)ဂိုးထိ ခွင့်ပြုခဲ့ရသလို လီဗာပူးလ်ရဲ့ ဒုတိယမြောက်ဂိုးဟာလည်း စတက်ဖန်ရဲ့ အမှားအယွင်းကနေ ခွင့်ပြုခဲ့ရတာ ဖြစ်ပါတယ်။ သူရဲ့ အမှားအယွင်းနဲ့ပတ်သက်ပြီး ဂိုးသမားစတက်ဖန်က “စမ်းသပ်မှုတွေ အကြီးအကျယ် ဒုက္ခရောက်မှုတွေ ကျရှုံးမှုတွေနဲ့ အောင်မြင်မှုတွေ။ ဒါက ဘဝပါပဲ”

Photo Credit : Goal

“လီဗာပူးလ်အသင်းနဲ့ ကစားသွားခဲ့ရတဲ့ ပွဲစဉ်ကတော့ မျိုချရခက်တဲ့ ဆေးလုံးပါပဲ။ ကျွန်တော်တို့ လုပ်ဆောင်နိုင်တာက အရှုံးကနေ ပြန်ထပြီး ပိုအားကောင်းလာဖို့ပါ။ ဝင်ဘာလေထိ လာရောက်ကြည့်ရှုအားပေးခဲ့ကြတဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့တွေ ဂုဏ်ယူနိုင်အောင် ကြိုးစားသွားမယ်။ ကျွန်တော်တို့တွေ ရှေ့ကိုဆက်သွားပါမယ်” လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ ဂိုးသမားစတက်ဖန်ဟာ ဘရာဇီးလ်ဂိုးသမား အီဒါဆင်ရဲ့ back up ဂိုးသမားအဖြစ်နဲ့သာ ကစားနေရတာဖြစ်ပြီး မနှစ်က အောက်တိုဘာလထဲ ဘန်လေအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ရာသီစ ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲတည်းကိုသာ အသင်းရဲ့ ပွဲထွက်ဂိုးသမားအဖြစ် တာဝန်ယူခဲ့ရတာဖြစ်ပြီး အဓိကအားဖြင့် ပြည်တွင်း ရှုံးထွက်ဖလားပြိုင်ပွဲတွေဖြစ်တဲ့ အက်အေဖလားနဲ့ လိဂ်ဖလားပွဲကိုသာ ပါဝင်ထားရတာ ဖြစ်ပါတယ်။ စတက်ဖန်ဟာ ဒီနှစ်ဘောလုံးရာသီထဲမှာတော့ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ(၉)ပွဲကိုသာ ပွဲထွက်ဂိုးသမားအဖြစ်နဲ့ ပါဝင်ထားခဲ့ရပါတယ်။