မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးဟောင်းကြီးဖြစ်ပြီး လက်ရှိအချိန်မှာ ဘောလုံးလောကထဲကနေ အနားယူထားတဲ့ တတ်ဒီရှာရင်ဂမ်က ယူနိုက်တက်အသင်းရဲ့ နည်းပြသစ်အဖြစ် အေဂျက်စ်နည်းပြ အဲရစ်တန်ဟက်ဂ်ထက် ပီအက်စ်ဂျီနည်းပြ မာရီစီယိုပိုချက်တီနိုကိုသာ ပိုမိုအလိုရှိကြောင်းနဲ့ ပိုချက်တီနိုကသာ ယူနိုက်တက်ရဲ့ကစားပုံနဲ့ လိုက်ဖက်မှုအရှိဆုံး ဖြစ်တယ်လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Mauricio Pochettino has been heavily linked with the Man Utd job

Photo Credit : The Sun

လက်ရှိအချိန်မှာ ဂျာမနီ ဝါရင့်နည်းပြကြီး ရန်းနစ်ကို ယာယီနည်းပြအဖြစ် အခုနှစ် ဘောလုံးရာသီကုန်အထိ တာဝန်ပေးထားတဲ့ ယူနိုက်တက်အသင်းဟာ ရာသီမကုန်ခင်မှာပဲ အသင်းရဲ့အမြဲတမ်းနည်းပြအတွက် ရှာပုံတော် ဖွင့်နေရပြီး လတ်တလောမှာတော့ အဲရစ်တန်ဟက်ဂ်နဲ့ ပိုချက်တီနိုတို့က ရေပန်းအစားဆုံး နည်းပြတွေ ဖြစ်လို့နေပါတယ်။ ဒီနှစ်ဦးထဲမှာတောင် ဒတ်ချ်လူမျိုး ဘောလုံးနည်းပြ တန်ဟက်ဂ်က ယူနိုက်တက်နည်းပြသစ် ဖြစ်လာဖို့ ပိုချက်တီနိုထက်ကို ပိုမိုရေပန်းစားလို့နေပြီး မကြာသေးခင်ကလည်း ယူနိုက်တက်အသင်းနဲ့ အင်တာဗျူးတွေပါ လုပ်ဆောင်ခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့ပါသေးတယ်။

Teddy Sheringham has backed Pochettino to be successful at Old Trafford

Photo Credit : The Sun

ဒီလို အခြေအနေမျိုး ရှိနေပေမယ့် ယူနိုက်တက် ကစားသမားဟောင်းကြီး ရှာရင်ဂမ်ကတော့ အသင်းနည်းပြသစ်အဖြစ် စပါးနည်းပြဟောင်း ပိုချက်တီနိုကိုသာ ပိုမိုဖြစ်လာစေချင်ကြောင်း ဘာကြောင့် ပိုချက်တီနိုကို ယူနိုက်တက်နည်းပြသစ်အဖြစ် မြင်တွေ့ချင်နေရသလဲ ဆိုတာတွေကိုပါ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ရှာရင်ဂမ်က “ဖြစ်ကောင်းဖြစ်နိုင်တာက တန်ဟက်ဂ်က ယူနိုက်တက်နည်းပြရာထူးအတွက် သင့်တော်လား မသင့်တော်ဘူးလားဆိုတာကို ပြောလောက်အောင်ထိ သူ့ကို ကျွန်တော် မသိပါဘူး။ ကျွန်တော်အတွက်ဆိုရင်တော့ မာရီစီယိုပိုချက်တီနိုကသာ မန်ချက်စတာယူနိုက်တက်အတွက် ရွေးချယ်မှုကောင်း တစ်ခုပါပဲ။ သူက ယူနိုက်တက်အသင်း ကစားချင်နေတဲ့ ပုံစံမျိုးနဲ့ကို ကစားနေနိုင်တဲ့ နည်းပြမျိုးလို့ ကျွန်တော် ထင်ပါတယ်။ သူက ပြိုင်ဘက်ကို ထိုင်မစောင့်ဆိုင်းနေပဲနဲ့ ပွဲအဆုံးအဖြတ်ပေးနိုင်တဲ့သူပါ။ ဒါက မန်ချက်စတာယူနိုက်တက်အသင်း ပရိသတ်တွေ ရင်းနှီးထားခဲ့ကြတဲ့ နည်းပြကြီးဖာဂီ သူဒီအသင်းကို ကိုင်တွယ်ခဲ့ချိန်တုန်းကလို ပုံစံမျိုးပါပဲ” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာ ပိုချက်တီနိုဟာ ဒီရာသီအကုန်မှာ ပီအက်စ်ဂျီအသင်းကနေ ထုတ်ပယ်ခံရဖို့ နီးစပ်လျက် ရှိနေပြီဖြစ်ပြီး ဒီနှစ်ဘောလုံးရာသီအတွင်း ပီအက်စ်ဂျီအတွက် လီဂူးဝမ်း အမှတ်ပေးချန်ပီယံဆုလောက်ကိုသာ ရယူပေးနိုင်ဖို့ အခြေအနေမျိုး ဖြစ်နေတဲ့အတွက် အသင်းတာဝန်ရှိသူတွေက ပိုချက်တီနိုကို စိတ်ပျက်နေကြရတာ ဖြစ်ပါတယ်။