စပါးအသင်းရဲ့ တိုက်စစ်ကစားသမား ဟာရီကိန်းက သူရဲ့အနာဂတ်အခြေအနေနဲ့ပတ်သက်ပြီး ဘာမှကို ရေရေရာရာ မသိရှိရသေးပေမယ့် လာမယ့်ဇွန်လအတွင်းမှာ ကျင်းပသွားမယ့် ယူရိုပြိုင်ပွဲကြီး ပြီးဆုံးသွားချိန်မှသာ စပါးအသင်းမှာ ဆက်လက်ရှိနေမလား ဒါမှမဟုတ် သူ့ကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းကြီးတစ်သင်းသင်းဆီကို ပြောင်းရွှေ့သွားမလားဆိုတာကို စဉ်းစားမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Photo Credit : The Guardian

အသက်(၂၇)နှစ်အရွှယ်ရှိ စပါးလက်ရွေးစင် တိုက်စစ်ကစားသမား ဟာရီကိန်းဟာ စပါးအသင်းဆီကို ၂၀၀၄ခုနှစ်ကတည်းက ရောက်ရှိနေခဲ့တာဖြစ်ပြီး စပါးလူငယ်အသင်းမှာ ပါဝင်ကစားခဲ့ပြီးနောက် လေတန်အိုရီးယန့် မီဝေ နောဝစ်ချ် လက်စတာအသင်းတွေမှာ အငှားနဲ့သွားရောက်ကစားခဲ့သလို ၂၀၁၃ခုနှစ်မှာတော့ သူရဲ့စပါးစီနီယာကစားသမားဘဝကို စတင်ခွင့်ရလာခဲ့ပါတယ်။ ဟာရီကိန်းဟာ စပါးအသင်းမှာ အချိန်အတော်ကြာ ပါဝင်ကစားခဲ့ပေမယ့် အခုအချိန်အထိ စပါးအသင်းမှာ ဆုဖလားအောင်မြင်မှုတွေ မရယူနိုင်ခဲ့ပဲ ချန်ပီယံလိဂ်ပြိုင်ပွဲမှာပါ ဖိုင်နယ်အထိ တတ်ရောက်ခဲ့ပေမယ့် ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

Photo Credit : Goal

ဟာရီကိန်းက သူရဲ့အနာဂတ်နဲ့ပတ်သက်ပြီး အင်တာဗျူးမေးသူက မေးမြန်းလာခဲ့ရာ “ဒီအချိန်မှာ ဒီမေးခွန်းကို ဖြေဖို့အတွက် ခက်ခဲလိမ့်မယ်လို့ပဲ ကျွန်တော်ထင်ပါတယ်။ အခုအချိန်မှာတော့ ကျွန်တော်အာရုံစိုက်ထားတာက အင်္ဂလန်အသင်းရဲ့ ရှေ့လာမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေနဲ့ စပါးအသင်းရဲ့ လက်ကျန်ပွဲစဉ်တွေကိုပါ။ ပြီးရင်တော့ ယူရိုပြိုင်ပွဲကြီးကို ဆက်ပြီးအာရုံစိုက်ရပါမယ်။ ကောလဟာလသတင်းတွေ ဒါမှမဟုတ် လူတွေပြောနေကြတဲ့ အကြောင်းတွေကို အာရုံရောက်နေမယ်ဆိုရင် သူရဲ့လက်ရှိခြေစွမ်းတွေ စွမ်းဆောင်ရည်တွေကိုပါ ထိခိုက်လာနိုင်ပါတယ်။ ကျွန်တော်အနေနဲ့ ရည်မှန်းချက်တစ်ခုနဲ့ အလုပ်တစ်ခုကိုပဲ အမြဲတမ်းအာရုံစိုက်ချင်နေတာပါ။ ကျွန်တော်ကတော့ ထင်ကြေးပေး ပြောဆိုမှုတွေနဲ့ ခပ်ကင်းကင်းပဲ နေပါတယ်။ လာမယ့်နွေရာသီ အပြောင်းအရွှေ့စျေးကွက်မတိုင်ခင် ကွင်းအတွင်းမှာ အကောင်းဆုံးစွမ်းဆောင်နိုင်ဖို့ကိုပဲ ကျွန်တော်အာရုံစိုက်ထားပါတယ်။ စျေးကွက်ဖွင့်မှပဲ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ရမှာပေါ့” လို့ ပြန်လည်ဖြေဆိုသွားခဲ့ပါတယ်။ ဟာရီကိန်းဟာ ဒီနှစ်ရာသီမှာ စပါးအသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း(၄၀)အတွင်း သွင်းဂိုးပေါင်း(၂၇)ဂိုးအထိ သွင်းယူထားခဲ့ပါတယ်။