MySport Myanmar

အေဂျက်စ်မှာ ရှိနေစဉ်ကတည်းက မာလာစီယာ ခြေစွမ်းတွေကို ကြွေနေခဲ့ရတဲ့ တန်ဟက်ဂ်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြသစ် အဲရစ်တန်ဟက်ဂ်ဟာ ယူနိုက်တက်ကို မရောက်ရှိခင် အေဂျက်စ်အသင်းနည်းပြအဖြစ် တာဝန်ယူစဉ်အတွင်းက ဖီယင်နုအသင်းရဲ့ နယ်သာလန် ဘယ်နောက်ခံကစားသမားလေး တီလာမာလာစီယာရဲ့ စွမ်းဆောင်ရည်တွေကို အလွန်နှစ်သက်ခဲ့ရတာဖြစ်ပြီး အေဂျက်စ်ကိုပါ ခေါ်ဆောင်ဖို့အထိ လုပ်ဆောင်ခဲ့ဖူးသေးတယ်လို့ သိရှိရပါတယ်။

Photo Credit : TEAMtalk

ဖီယင်နုကနေ လိုင်ယွန်အသင်းဆီကို ပြောင်းရွှေ့ရောက်ရှ်ိလုနီးပါး ဖြစ်နေခဲ့ရသူ မာလာစီယာကို အပြောင်းအရွှေ့မဖြစ်ပေါ်လာခင်မှာပဲ ယူနိုက်တက်အသင်းရဲ့ ကြားဝင်ကြိုးပမ်းမှုတွေကြောင့် အခုဆိုရင် နယ်သာလန် လက်ရွေးစင်လေးဟာ လိုင်ယွန်ထက် ယူနိုက်တက်ကို ရွေးချယ်သွားဖို့ သေချာခဲ့ရပြီ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ယူနိုက်တက် မာလာစီယာကို ပြောင်းရွှေ့ကြေး ယူရို(၁၅)သန်းနဲ့ ခေါ်ယူသွားဖို့အတွက် ဖီယင်နုအသင်းနဲ့ရော မာလာစီယာနဲ့ပါ သဘောတူညီမှု ရယူနိုင်ခဲ့ပြီ ဖြစ်တာကြောင့် ယူနိုက်တက်နည်းပြ တန်ဟက်ဂ်လည်း သူတကယ် သဘောကျခဲ့ရတဲ့ မာလာစီယာနဲ့ အသင်းတစ်သင်းတည်းမှာ အတူတူ တွဲဖက်လုပ်ကိုင်ရတော့မှာ ဖြစ်ပါတယ်။

Photo Credit : Daily Express

အသက်(၂၂)နှစ်အရွယ် နောက်ခံအစွန်လူလေး မာလာစီယာဟာ အေဂျက်စ်နဲ့ ဖီယင်နုအသင်းတို့ ထိပ်တိုက်ရင်ဆိုင်ရတဲ့ ပွဲစဉ်တွေအတွင်း တန်ဟက်ဂ် အာရုံစိုက်လာနိုင်အောင် ကစားပြနိုင်ခဲ့ပြီး တန်ဟက်ဂ်ကလည်း “ဘယ်ခြမ်းခံစစ်မှာ ကစားနေတဲ့ ဒီကလေးက အံ့သြစရာကောင်းတယ်။ သူ့ကို မှတ်ထားပေးပါ” လို့ သူရဲ့ အေဂျက်စ် လက်ထောက်နည်းပြတွေကို အသိပေးခဲ့ရပါတယ်။ ဒါ့အပြင် တန်ဟက်ဂ်ဟာ သူရဲ့အသင်းဟောင်း အေဂျက်စ်ကို ကိုင်တွယ်နေစဉ်အတွင်း အသင်းရဲ့ ဘယ်နောက်ခံလူ တာဂလီယာဖီဂိုကို လက်လွတ်ရနိုင်တဲ့ အခြေအနေမှာ မာလာစီယာနဲ့ ပြန်လည်အစားထိုးသွားဖို့အထိ စဉ်းစားခဲ့ဖူးတယ်လို့လည်း သိရပါတယ်။ အခုတော့ တန်ဟက်ဂ်ဟာ မာလာစီယာကို ယူနိုက်တက်အသင်းဆီ ခေါ်ဆောင်နိုင်ခဲ့ရုံသာမကပဲ မာလာစီယာနဲ့ အေးဂျင့်ချင်း အတူတူဖြစ်တဲ့ ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီဒီယွန်းကိုပါ ဆက်လက် ခေါ်ယူနိုင်ဖွယ်လည်း ရှိနေပါတယ်။ ဒီကစားသမားနှစ်ဦးကို ခေါ်ယူသွားနိုင်တော့မယ့် ယူနိုက်တက်အသင်းဟာ လက်ရှိမှာလည်း ဝါရင့်ကွင်းလယ်ကစားသမား ခရစ္စတီယန်အဲရစ်ဆင်နဲ့ အေဂျက်စ်အသင်းရဲ့ အာဂျင်တီးနား ဗဟိုနောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်တို့ကိုပါ ထပ်မံခေါ်ယူဖွယ် ရှိနေတာကြောင့် လာမယ့်ဇူလိုင်လထဲမှာပဲ ယူနိုက်တက်ရဲ့ ကစားသမား ခေါ်ယူမှုတွေ ဖြစ်ပေါ်လာနိုင်ဖို့ ရှိနေပါတယ်။

Exit mobile version