ပြီးခဲ့တဲ့ ဇွန်(၂၂)ရက်နေ့ကမှ ဒါဘီကောင်တီအသင်းရဲ့ နည်းပြရာထူးကနေ နုတ်ထွက်လိုက်တဲ့ နည်းပြဝိန်းရွန်နီက သူ့အနေနဲ့ အခုလို ဒါဘီအသင်းနဲ့ လက်တွဲဖြုတ်ဖို့ ဆုံးဖြတ်လိုက်ရခြင်းဟာ သူ့အတွက်တော့ လွယ်ကူတဲ့ ဆုံးဖြတ်ချက်မျိုး မဖြစ်ခဲ့ပဲ သူရဲ့ဘဝမှာ အခက်အခဲဆုံးသော ဆုံးဖြတ်ချက်တစ်ခု ဖြစ်ခဲ့ရတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Wayne Rooney makes confident call when asked about Derby relegation

Photo Credit : TEAMtalk

အသက်(၃၆)နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီး ရွန်နီဟာ ၂၀၂၁ခုနှစ် ဇန်နဝါရီလမှာ ကစားသမားဘဝကနေ အနားယူခဲ့ပြီးနောက် ဒါဘီနည်းပြအဖြစ် ပြောင်းလဲဆောင်ရွက်ခဲ့ပြီး ကစားသမားဘဝနဲ့ နည်းပြဘဝကို အလျင်အမြန် ချက်ချင်းပြောင်းလဲခဲ့ပါတယ်။ ရွန်နီဟာ ဒါဘီနည်းပြအဖြစ် တစ်နှစ်ကျော်နီးပါးလောက်အထိ ဆောင်ရွက်ခဲ့ပြီး အသင်းကို အကောင်းဆုံး ကိုင်တွယ်ခဲ့ပေမယ့်လည်း ဒါဘီအသင်း ဘဏ္ဍာရေး အခြေအနေတွေကြောင့် ရမှတ်တွေ လျှော့ချခံရပြီး ရာသီကုန်မှာတော့ ချန်ပီယရှစ်ကနေ လိဂ်ဝမ်းအထိ တန်းဆင်းသွားခဲ့ရပါတယ်။

Wayne Rooney said the decision to resign was one of the hardest of his football career to date

Photo Credit : Daily Mail

ရွန်နီဟာ ဒါဘီအသင်းနဲ့အတူ လိဂ်ဝမ်းထိ ဆက်လက်အတူရှိနေသွားဖို့ စီစဉ်ခဲ့ပေမယ့်လည်း ဒါဘီအသင်းရဲ့ အနာဂတ် အခြေအနေတွေကြောင့် နောက်ဆုံးမှာ ရွန်နီလည်း ဒါဘီနဲ့ လမ်းခွဲဖို့ကို ဆုံးဖြတ်လိုက်ရပါတယ်။ ဒီလို လမ်းခွဲလိုက်ရတဲ့အပေါ် ရွန်နီက “ပြီးခဲ့တဲ့ သုံးနှစ်တာ ကာလအတွင်း ဒါဘီမှာ ရှိကြတဲ့ ပရိသတ်တွေ ကစားသမားတွေနဲ့ ဝန်ထမ်းတွေအားလုံးရဲ့ အားပေးမှုတွေအတွက် အားလုံးကို အထူး ကျေးဇူးတင်မိပါတယ်။ ဒါက ကျွန်တော်ရဲ့ အသက်မွေးဝမ်းကြောင်းတလျှောက်မှာ အခက်အခဲဆုံး ဆုံးဖြတ်ချက်တစ်ခုပါပဲ။ ကျွန်တော့်ကို ခင်ဗျားတို့ရဲ့နေရာလေးဆီ ခေါ်ဆောင်လာပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ ကျေးဇူးပြုပြီး နောက်ထပ်နည်းပြတစ်ဦးကို ခေါ်ဆောင်ပြီး ကျွန်တော့်ကို ပေးခဲ့ကြတဲ့ ယုံကြည်မှုတွေ သစ္စာစောင့်သိမှုတွေနဲ့ မယုံနိုင်စရာကောင်းတဲ့ ပံ့ပိုးမှုတွေကို သူ့ကို ပေးအပ်ပေးပါ။ ဒီနေရာမှာ ဘယ်တော့မှ မေ့လို့မရနိုင်တဲ့ အမှတ်တရကောင်းတချို့ ရှိခဲ့ပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ ရွန်နီဟာ ဒါဘီကောင်တီအသင်းနဲ့အတူ သူရဲ့ နည်းပြဘဝကို စတင်ခဲ့တာဖြစ်ပြီး ပွဲစဉ်ပေါင်း (၈၅)ပွဲ ကိုင်တွယ်ခဲ့ရာမှာ (၂၃)ပွဲနိုင် (၂၂)ပွဲသရေ (၃၉)ပွဲရှံးနိမ့်ခဲ့ကာ နိုင်ပွဲရာခိုင်နှုန်းက (၂၈.၂)%သာ ရှိခဲ့ရပါတယ်။ အခုကတော့ အသင်းလက်မဲ့ ဖြစ်သွားတဲ့ ရွန်နီကို Sky Sports နဲ့ BT Sport တို့လို နာမည်ကြီး အားကစားရုပ်သံတွေကနေ Pundit တစ်ဦးအဖြစ် တာဝန်ပေးသွားချင်နေပါတယ်။