ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းတွေ ဖြစ်တဲ့ ဝက်စ်ဟမ်း ၊ မန်ယူ ၊ မန်စီးတီးအသင်းတို့မှာ ကစားခဲ့ဖူးတဲ့ အာဂျင်တီးနားတိုက်စစ်မှူး ကားလို့စ် တေဗက်ကတော့ သူ့အနေနဲ့ များမကြာမီ အချိန်အတွင်းမှာ ပရီးမီးယားလိဂ်ကို ပြန်လည် ပြောင်းရွှေ့ဖွယ် ရှိတယ်လို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။ အသက် ၃၆နှစ် ရှိပြီ ဖြစ်တဲ့ ကားလို့စ် တေဗက်ဟာ လက်ရှိအချိန်မှာ ငယ်စဉ်ကတည်းက သူအားပေးခဲ့ရတဲ့ ကလပ် အသင်းတစ်ခု ဖြစ်တဲ့ အာဂျင်တီးနားကလပ် ဘိုကာဂျူနီယာအသင်းမှာ ကစားနေသူ ဖြစ်ပြီး လက်ရှိအချိန်အထိ ခြေစွမ်းပြ ကစားနေနိုင်ဆဲ ဖြစ်ကာ လက်ရှိ ဘောလုံးရာသီမှာ ဆိုရင် ဘိုကာဂျူနီယာအသင်းအတွက် စူပါလီဂါပွဲစဉ် ၁၇ပွဲ ပါဝင် ကစားပေးထားရာမှာ ၉ဂိုး သွင်းယူ ထားပြီး ၂ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

Photo Credit: Goal

အသက်ကြီးပေမယ့် တိုးအား ၊ ရုန်းအား ရှိနေဆဲ ကစားသမား တစ်ဦး ဖြစ်သလို ဂိုးသွင်းခြေ ရှိတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်တာကြောင့် တေဗက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကလပ် အသင်းကလည်း အများအပြား ရှိနေပါတယ်။ လတ်တလောမှာတော့ တေဗက်ဟာ ဘိုကာဂျူနီယာအသင်းနဲ့ ဒီဇင်ဘာလအထိ သက်တမ်း ရှိတဲ့ ကာလတို စာချုပ်တစ်ခုကို ချုပ်ဆိုခဲ့ပြီး အဆိုပါ စာချုပ်ကနေ ရရှိလာတဲ့ ငွေကြေးတွေ အားလုံးကို ကိုရိုနာဗိုင်းရပ် တိုက်ဖျက်ရေးဌာနကို လှူဒါန်းခဲ့သူလည်း ဖြစ်ပါတယ်။ တေဗက်ကတော့ သူ့အနေနဲ့ ယခု အသစ် ချုပ်ဆိုထားတဲ့ စာချုပ် သက်တမ်းသာ ကုန်ဆုံးသွားပါက ဘိုကာဂျူနီယာအသင်းကနေ ထွက်ခွာဖွယ် ရှိကြောင်းနဲ့ သူဟာ အသင်းဟောင်း ဝက်စ်ဟမ်းအသင်းနဲ့ ဘရာဇီးလ်ကလပ် ကိုရင်သီယန်အသင်းတို့ထံကို ပြောင်းရွှေ့ကစားဖွယ် ရှိကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Goal

သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး တေဗက်က ” ကျွန်တော်သာ ဥရောပကို ပြန်သွားရမယ်ဆိုရင် ကျွန်တော်ဟာ ဝက်စ်ဟမ်းအသင်းထံကို ၆လ သွားရောက် ကစားချင်ပါတယ်။ ဒါမှမဟုတ်ရင် လည်း ကိုရင်သီယန်အသင်းမှာ ခြောက်လ ကစားချင်ပါတယ်။ အခုချိန်မှာတော့ ဒီကိစ္စတွေနဲ့ ပတ်သတ်ပြီး ဘာမှ မပြောချင်သေးပါဘူး။ ဘာလို့လည်း ဆိုတော့ ကျွန်တော်ဟာ စကားလုံးတွေရဲ့ ကျေးကျွန် မဖြစ်ချင်လို့ပါ ” လို့ Radio La Red ကို ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။ တေဗက်ဟာ တစ်ချိန်က ပရီးမီးယားလိဂ်မှာ အခြားပြိုင်ဘက် အသင်းတွေရဲ့ ဂိုးသမားနဲ့ ဗဟို ခံစစ် ကစားသမားတွေကို ကောင်းကောင်းကြီး ဒုက္ခပေးနိုင်ခဲ့တာကြောင့် အကယ်၍ သူသာ ဝက်စ်ဟမ်းအသင်းကို ပြန်ရောက်ခဲ့ရင် ဘယ်လိုတွေ ခြေစွမ်းပြ ကစားနိုင်မလဲဆိုတာ ကြည့်ရှုသွားရမှာပါ။