တချိန်က အင်္ဂလန် ပရီးမီးယားလိဂ်မှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ပြီး လက်ရှိအထိလည်း ပရိသတ် အခိုင်အမာကို ပိုင်ဆိုင်ထားတဲ့ ဝါရင့် အာဂျင်တီးနား တိုက်စစ်မှူးကြီး ကားလို့စ် တေဗက်ကတော့ ဘောလုံးသမိုင်းရဲ့ အကောင်းဆုံး ကစားသမား နှစ်ဦး အဖြစ် သတ်မှတ်ခံထားရတဲ့ ပေါ်တူဂီ ကြယ်ပွင့် ရိုနယ်ဒိုနဲ့ အာဂျင်တီးနား ကြယ်ပွင့် မက်ဆီတို့ နှစ်ဦးစလုံးဟာ ကစားသမားတွေ အားလုံးထက် တဆင့် ပိုမြင့်တဲ့ နေရာကို ရောက်ရှိနေကြတဲ့ ဂြိုလ်သားနှစ်ဦး ဖြစ်ကြောင်း နောက်ဆုံး အင်တာဗျူးမှာ ထုတ်ဖော် ချီးကျူးသွားခဲ့ပါတယ်။

အသက် ၃၆နှစ် အရွယ် ဝါရင့် ပေါ်တူဂီ တိုက်စစ်မှူး ရိုနယ်ဒိုနဲ့ အသက် ၃၄နှစ် အရွယ် ဝါရင့် အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီတို့ နှစ်ဦးစလုံးဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ၅ကြိမ်နဲ့အထက် ရရှိဖူးကြတဲ့ ရှားပါး ကစားသမား နှစ်ဦး ဖြစ်ပြီး သူတို့နှစ်ဦးစလုံးကို မော်ဒန် ဘောလုံးလောကရဲ့ အကောင်းဆုံး ကစားသမားတွေ အဖြစ် ဘောလုံးရေးရာ သုံးသပ်သူတွေကရော ပရိသတ်တွေကပါ သတ်မှတ်ထားကြပါတယ်။

Photo Credit: Goal

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုဟာ ကြံ့ခိုင်မှု အားကောင်းကာ ဘယ်ခြေ ၊ ညာခြေမရွေး ဂိုးသွင်းယူနိုင်တဲ့ ရှားပါး တိုက်စစ်မှူး ဖြစ်ပြီး ပီအက်စ်ဂျီ ကြယ်ပွင့် မက်ဆီကတော့ အလိမ်အခေါက် ၊ အတိုးအလှုပ်နဲ့ ဘောလုံးအမြင်တွေမှာ သူမတူအောင် ထက်မြက်တဲ့ ပါရမီရှင် ကစားသမားပဲ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ သူတို့နှစ်ဦးမှာ ဘယ်သူက ပိုကောင်းလဲ ဆိုတဲ့ မေးခွန်းက ဖြေရခက်တဲ့ မေးခွန်းတခု ဖြစ်ပြီး ရိုနယ်ဒိုနဲ့ မန်ချက်စတာ ယူနိုက်တက်မှာ တွဲကစားဖူးသလို မက်ဆီနဲ့လည်း အာဂျင်တီးနား လက်ရွေးစင် အသင်းမှာ အတွဲညီခဲ့တဲ့ တေဗက်ကတော့ မက်ဆီနဲ့ ရိုနယ်ဒိုတို့ နှစ်ဦးစလုံးဟာ သမိုင်းတလျှောက် အကောင်းဆုံး ကစားသမားတွေ ဖြစ်ကာ နှစ်ဦးစလုံးက ဂြိုလ်သားတွေပါလို့ ပြောကြားခဲ့ပါတယ်။

Photo Credit: Goal

တေဗက်က – “ရိုနယ်ဒိုနဲ့ မက်ဆီတို့ နှစ်ယောက်စလုံးက ကြီးကျယ်တဲ့ ကစားသမားတွေပါ။ ကျွန်တော်က သူတို့နှစ်ယောက်စလုံးနဲ့ တွဲကစားရတိုင်း သက်တောင့်သက်သာ ဖြစ်ပါတယ်။ ပြီးတော့ သူတို့နှစ်ယောက်လုံးနဲ့ တွဲကစားရတာလည်း ကြိုက်တယ်။ နှစ်ယောက်စလုံးဆီ ကနေ လေ့လာမှုတွေလည်း လုပ်ခဲ့ပါတယ်။ သူတို့နှစ်ယောက်စလုံးက သာမန်ထက် ထူးခြားတဲ့ ကစားသမားတွေချည်းပါပဲ။ ကျွန်တော်က ရိုနယ်ဒိုနဲ့ နေ့ရက်တွေ များစွာ အတူတူ ကစားဖူးသလို မက်ဆီနဲ့လည်း လက်ရွေးစင်အသင်းမှာ အတူ ကစားခဲ့ပါတယ်။ သူတို့နှစ်ယောက်စလုံးက တခြားဂြိုလ်ကနေ လာတဲ့ လူတွေပါပဲ။ သူတို့နှစ်ယောက်စလုံးက အခုချိန်အထိ ကမ္ဘာ့ထိပ်တန်း ကစားသမားတွေ အဖြစ် ရပ်တည်ပြနေတာကိုက ချီးကျူးဖို့ ကောင်းတဲ့ အရာတခုပါ” လို့ ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။