ပရီးမီးယားလိဂ်အသင်းတစ်သင်းဖြစ်တဲ့ နောဝှစ်အသင်းရဲ့ ကွင်းလယ်လူ တက်တေးက ပြီးခဲ့တဲ့ ကြားရက်မှာ ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ သူတို့အသင်းရဲ့ အနိုင်ယူခြင်းကို ခံခဲ့ရတဲ့ စပါးအသင်းဟာ အခြေအနေပိုမို နိမ့်ကျသွားတဲ့ အသင်းတစ်သင်းဖြစ်တယ်လို့ ဝေဖန်ထောက်ပြ ပြောဆိုသွားခဲ့ပါတယ်။ နောဝှစ်အသင်းဟာ အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်အဖြစ် အဝေးကွင်းမှာ စပါးအသင်းကို သွားရောက် ရင်ဆိုင်ကစားခဲ့ရတာဖြစ်ပြီး အသင်းရဲ့ ဂိုးသမား တင်ကရူးစ်ရဲ့ ပင်နယ်တီကာကွယ်နိုင်မှု အစွမ်းကြောင့် စပါးအသင်းကို အနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်မှာ မန်ယူအသင်းနဲ့ ကစားရတော့မှာလည်း ဖြစ်ပါတယ်။

Photo Credit: Daily Mail Sport.com

စပါးအသင်းနဲ့ နောဝှစ်အသင်းတို့ရဲ့ပွဲစဉ်မှာ စပါးအသင်းဟာ အဖွင့်ဂိုးရရှိခဲ့ပေမယ့် နောဝှစ် အသင်းကို ချေပဂိုး ပြန်လည်ခွင့်ပြုပေးခဲ့ရကာ ပွဲချိန်အတွင်းမှာ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်မှာ နောဝှစ်အသင်းကို အရေးနိမ့်ခဲ့ရတာပါ။ နောဝှစ်အသင်းရဲ့ ကွင်းလယ်လူ တက်တေးကတော့ စပါးအသင်းဟာ ပိုချက်တီနိုရဲ့လက်အောက်မှာ ကစားပုံ ပိုမိုကောင်းမွန်ကြောင်းနဲ့ အခုစပါးအသင်းဟာ သူတို့က ဘောလုံးလာလုမှာကို စောင့်နေတဲ့ အသင်းနဲ့တူနေကြောင်း ဝေဖန်သွားခဲ့ပြီး စပါးအသင်းကို အနိုင်ယူဖို့ သူတို့အသင်းရဲ့ ကစားပုံနဲ့ ကစားသင့်တယ်လို့ပါ အခြားအသင်းတွေကို အကြံပြုစကား ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Daily Mail Sport.com

မော်ရင်ဟိုရဲ့စပါးအသင်း ကစားနေတဲ့ ကစားကွက်ကို တက်တေးက ” သူတို့ရဲ့ ကစားပုံက လုံးလုံးကြီးကို ပြောင်းလဲသွားတာပါ။ ပိုချက်တီနိုရဲ့ လက်အောက်မှာ သူတို့က လျင်လျင်မြန်မြန် နဲ့ ဘောလုံးကို ကောင်းမွန်စွာ ထိန်းကြောင်း ကစားနိုင်ခဲ့ကြပါတယ်။ အခုကတော့ သူတို့က ခင်ဗျားကို စောင့်ဆိုင်းပြီးမှ ဘောလုံးကစားကြတာပါ။(ကစားပုံနှေးတာကို ဆိုလိုခြင်း) ခင်ဗျားက ကျွန်တော်တို့ ကစားပုံနဲ့သာ ကစားခဲ့ရင် စပါးနဲ့ပွဲမှာ အခွင့်အရေးတွေအများကြီး ရရှိမှာပါ ” လို့ ထောက်ပြပြောဆိုသွားခဲ့ပါတယ်။ တက်တေးရဲ့ အမြင်ကို သဘောတူတဲ့သူများ ရှိမလားဗျ….။