ယူကရိန်း အင်အားကြီး အသင်းဖြစ်တဲ့ ရှက်တာဒိုးနက် အသင်းရဲ့ ဘရာဇီးလ် လူငယ် ကြယ်ပွင့် ကစားသမား ဖြစ်သူ တီတီ ကတော့ သူဟာ ပရီးမီးယားလိဂ် အင်အားကြီး အသင်းဖြစ်တဲ့ မန်ယူအသင်း မှာ ကစားဖို့ စိတ်ကူးရှိကြောင်း မကြာသေးမီက ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တစ်ခုမှာ ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။ အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ ဘရာဇီးလ် လူငယ် ကြယ်ပွင့် ကစားသမား ဖြစ်သူ တီတီဟာ ဘရာဇီးလ် ယူ-၂၀ အသင်းရဲ့ အဓိက ကစားသမား တစ်ဦးဖြစ်ပြီး ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလမှာ ဘရာဇီးလ်ကလပ် ဂရာမဲရိုးအသင်း ကနေ ရှက်တာဒိုးနက် အသင်းဆီကို ပြောင်းရွှေ့ကြေး ယူရို ၁၃.၅သန်း နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ကစားသမား တစ်ဦးပါ။

Photo Credit: SPORT

တီတီဟာ ရှက်တာဒိုးနက် အသင်းဆီ ရောက်ရှိပြီး မကြာခင်မှာပဲ အသင်းရဲ့ ဦးစားပေး ကစားသမား တစ်ဦး ဖြစ်လာခဲ့ကာ အသင်းအတွက် ပြိုင်ပွဲစုံမှာ ၅၇ပွဲ ကစားထားရာ ၁၄ဂိုးအထိ သွင်းယူ ပေးထားပြီး ၁၂ဂိုးအထိ ဖန်တီး ပေးထားနိုင်ခဲ့ပါတယ်။ တီတီဟာ ဘယ်ခြေအားသန် ညာတောင်ပံ တိုက်စစ် ကစားသမား တစ်ဦးဖြစ်ပြီး သူ့ရဲ့ လျင်မြန်လှတဲ့ ပြေးနှုန်းနဲ့ ဘောလုံးကျွမ်းကျင်မှုတို့ကြောင့် အသင်းဖော်တွေ ဟာ သူ့ကို ဟာရီကိန်းမုန်တိုင်းလို့ နာမည်ပြောင် ပေးထားကြပါတယ်။ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တစ်ခုမှာတော့ တီတီက သူ့အနေနဲ့ မန်ယူအသင်းမှာ ကစားဖို့ ရည်မှန်းထားသလို ဥရောပ အသင်းကြီးတေွ ဖြစ်တဲ့ လီဗာပူးအသင်းနဲ့ ဘာစီလိုနာ အသင်းတို့မှာလည်း ကစားချင်ကြောင်း ဆိုခဲ့ပါတယ်။ ဥရောပမှာ ရှိတဲ့ ဘယ်အသင်းကို ကိုယ်စားပြုပြီး ကစားချင်လဲဆိုတဲ့ မေးခွန်းအပေါ် တီတီက –

Photo Credit: SPORT

“ကျွန်တော်က အမြဲတမ်း ကြီးမားတဲ့ ခြေလှမ်းတွေကို လှမ်းဖို့ ဆန္ဒရှိသူ တစ်ဦးပါ။ ငယ်ငယ်ထဲက ထိပ်တန်း အသင်းကြီးတွေမှာ ကစားဖို့ ဆိုတဲ့ အိမ်မက်ဟာ လူငယ် ကစားသမားတိုင်းမှာ ရှိပါတယ်။ ဒီလိုပါပဲ။ ကျွန်တော့်ဆီမှာလည်း ရှိပါတယ်။ ကျွန်တော်က အမြဲတမ်း မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ကစားပေးဖို့ အိမ်မက် ရှိပါတယ်။ ပြီးတော့ လီဗာပူးအသင်းနဲ့ ဘာစီလိုနာ အသင်းတို့မှာလည်း ကစားချင်ပါတယ်။ ဒီအသင်းတွေဟာ ထိပ်တန်း အသင်းကြီးတွေ ဖြစ်ပြီး အရမ်း တော်တဲ့ နည်းပြတွေ ရှိသလို များပြားလှတဲ့ ဆုဖလားတွေကိုလည်း သိမ်းပိုက်ထားနိုင်တဲ့ အသင်းတွေပါ။ ကစားသမား တစ်ယောက် အနေနဲ့ ကျွန်တော်က ဆုဖလားတွေ များစွာ ကစားဖို့ စိတ်ကူးရှိပြီး အဲ့ဒီ အသင်းတွေမှာ ကစားရင်း ဆုဖလားတေွ ရရှိနိုင်မယ် လို့ မျှော်လင့်ထားပါတယ်” ဆိုပြီး ပြောကြား သွားခဲ့ပါတယ်။