ဘရာဇီးလ်နည်းပြ ဖြစ်သူ တီတီကတော့ လာမယ့် စက်တင်ဘာလ ၂၃ရက်နေ့နဲ့ စက်တင်ဘာလ ၂၇ရက်နေ့တို့မှာ ဂါနာ ၊ တူနီးရှားတို့နဲ့ ခြေစမ်းပွဲ အဖြစ် ကစားဖို့ အတွက် ဘရာဇီးလ်အသင်းရဲ့ လူစာရင်းကို ယမန်နေ့ညမှာပဲ တရားဝင် ထုတ်ပြန် ကြေညာခဲ့ရာ ယခုနှစ် ဘောလုံးရာသီမှာ အာဆင်နယ်နဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ ဂျေဇူး ၊ မာတီနယ်လီနဲ့ ဂါဘရီရယ်တို့ သုံးဦးစလုံးကို လူစာရင်းကနေ အံ့အားသင့်ဖွယ် ချန်လှပ်သွားခဲ့ပါတယ်။

တိုက်စစ်မှူး ဂျေဇူး ၊ တောင်ပံတိုက်စစ် ကစားသမား မာတီနယ်လီနဲ့ ဗဟိုခံစစ်မှူး ဂါဘရီရယ်တို့ သုံးဦးစလုံးက ယခုနှစ် ဘောလုံးရာသီမှာ အာဆင်နယ်နဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်ပြီး ဂါဘရီရယ်က အာဆင်နယ်ရဲ့ ခံစစ်ကြောင်းကို ဆာလီဘာနဲ့ တွဲဖက်ကာ ဦးဆောင်နေသလို ဂျေဇူးနဲ့ မာတီနယ်လီတို့ကလည်း အာဆင်နယ်ရဲ့ အဓိက တိုက်စစ် အသက်သွေးကြောတွေပဲ ဖြစ်ပါတယ်။

Photo Credit: Standard

ယခုနှစ် ဘောလုံးရာသီ အစကမှ မန်ချက်စတာ စီးတီးကနေ အာဆင်နယ်ထံ ပြောင်းရွှေ့လာခဲ့တဲ့ ဂျေဇူးက ယခုနှစ်ရာသီမှာ အာဆင်နယ် အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၆ပွဲ ပါဝင် ကစားပေးထားရာ ၃ဂိုးသွင်း ၃ဂိုး ဖန်တီးပေးထားနိုင်သလို မာတီနယ်လီကလည်း အာဆင်နယ် အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၆ပွဲ ပါဝင် ကစားပေးခဲ့ရာ ၃ဂိုး သွင်းယူထားနိုင်ပါတယ်။

ဒါပေမယ့် တီတီကတော့ ဂျေဇူးနဲ့ မာတီနယ်လီတို့ရဲ့ အစား မန်ချက်စတာ ယူနိုက်တက်ရဲ့ တောင်ပံတိုက်စစ် ကစားသမားသစ် အန်တိုနီနဲ့ လီဗာပူး တိုက်စစ်မှူး ဖာမီနိုတို့ကို ရွေးချယ်ခဲ့သလို ဂါဘရီရယ်ရဲ့ နေရာအတွက် ချယ်လ်ဆီး ခံစစ်မှူး သီယာဂို ဆေးလ်ဗားကိုသာ ခေါ်ယူသွားခဲ့ပါတယ်။

Photo Credit: Standard

တီတီက ခြေစွမ်းကောင်းတွေ ပြသနေတဲ့ ဂျေဇူးကို ဘာကြောင့် လက်ရွေးစင်အသင်း ကနေ ချန်လှပ်ခဲ့ရသလဲ ဆိုတာကို အခုလို ရှင်းပြသွားခဲ့ပါသေးတယ်။ တီတီက – “ဂါဘရီရယ် ဂျေဇူးက အခုချိန်မှာ အရမ်းကို ကောင်းမွန်တဲ့ အချိန်တခုနဲ့ ခြေစွမ်းမျိုးကို ပိုင်ဆိုင်ထားပါတယ်။ ကျွန်တော်က တခြားသူတွေကို အခွင့်အရေး ပေးဖို့ အတွက် အခုလို အသင်းဆီ ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။ ကျွန်တော် ချန်လှပ်ခဲ့တဲ့ တခြားကစားသမားတွေ အတွက်လည်း ဒီလိုပါပဲ။ တိုက်စစ်မှူးဖြစ်ဖြစ် ၊ တခြားနေရာမှာ ကစားတဲ့သူပဲ ဖြစ်ဖြစ် ဘောလုံးကစားရင် သွင်းဂိုးတွေ သွင်းယူနိုင်ရမယ် ၊ ဖန်တီးနိုင်ရမယ် ၊ ခံစစ်ကြောင်းကို အကူအညီ ပေးနိုင်ရပါမယ်။ တကယ်လို့ ဒီလိုမျိုး လုပ်ဆောင်နိုင်စွမ်း မရှိရင်တော့ ခင်ဗျားက ကိုယ့်ရဲ့ နေရာကို ဆုံးရှုံးရမှာပါပဲ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။