ဘရာဇီးလ်အသင်းရဲ့ နည်းပြချုပ် ဖြစ်သူ တီတီက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘရာဇီးလ် ၂-၀ ဆားဘီးယား ပွဲစဉ်မှာ အသင်းခေါင်းဆောင် ကြယ်ပွင့် တိုက်စစ်မှူး နေမာဟာ ခြေကျင်းဝတ်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း ပွဲအပြီးမှာ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

ဘရာဇီးလ်က ယခု ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ ဆွစ်ဇာလန် ၊ ကင်မရွန်း ၊ ဆားဘီးယား စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်နေခဲ့ပြီး အုပ်စုအဖွင့်ပွဲ အဖြစ် ဆားဘီးယားနဲ့ ရင်ဆိုင် ယှဉ်ပြိုင်ခဲ့ရာမှာတော့ တိုက်စစ်မှူး အဖြစ် ကစားသွားတဲ့ ရစ်ချာလီဆန်ရဲ့ သွင်းဂိုးတွေနဲ့အတူ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ ဆားဘီးယားကို အနိုင်ရရှိခဲ့ပါတယ်။

Photo Credit: Sky Sports

ဘရာဇီးလ် ၂-၀ ဆားဘီးယား ပွဲစဉ်မှာ ဘရာဇီးလ်နည်းပြ တီတီက နေမာ ၊ ရစ်ချာလီဆန် ၊ ဗင်နီးစီးယပ်စ် ၊ ရာဖင်ဟာ စတဲ့ တိုက်စစ် ကစားသမား ၄ဦး အထိ ပွဲထွက်လူစာရင်းမှာ ထည့်သွင်း အသုံးပြုခဲ့ပြီး အဓိက တိုက်စစ်မှူး နေမာကို ကွင်းလယ်တိုက်စစ် နေရာမှာ ထားကာ ကစားသွားခဲ့ပါတယ်။

တီတီရဲ့ တိုက်စစ် အသားပေး ကစားဟန်ကြောင့်ပဲ ဘရာဇီးလ်က ပွဲစပွဲဆုံး ဆားဘီးယားဘက်ကို တရစပ် တိုက်စစ်ဆင် ကစားသွားနိုင်ခဲ့ပြီး ဘရာဇီးလ် အတွက် အဖိုးတန် သွင်းဂိုး ၂ဂိုးကို ပွဲချိန် ၆၂မိနစ်နဲ့ ၇၃မိနစ်တွေမှာ ရစ်ချာလီဆန်က သွင်းယူပေးခဲ့တာပါ။

Photo Credit: Sky Sports

အဖွင့်ပွဲမှာ ဆားဘီးယားကို ၂ဂိုးပြတ် အနိုင်ရခဲ့တာကြောင့် ဘရာဇီးလ် အတွက် ကောင်းမွန်တဲ့ အစ တခု ဖြစ်ခဲ့ပေမယ့် အဓိက တိုက်စစ်မှူး နေမာ တယောက် ခြေကျင်းဝတ်ဒဏ်ရာကြောင့် လူစားလဲခဲ့ရတဲ့ ဖြစ်ရပ်ဟာ ဘရာဇီးလ် ပရိသတ်တွေကို အတော်လေး စိတ်ပူပန်စေခဲ့တဲ့ ဖြစ်ရပ်တခု ဖြစ်ပြီး ဘရာဇီးလ်နည်းပြချုပ် တီတီကတော့ ပွဲပြီးဆုံးချိန်မှာ နေမာဟာ ခြေကျင်းဝတ်ဒဏ်ရာ ရသွားတာ ဖြစ်ပေမယ့် စိတ်ပူစရာတော့ မလိုကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

တီတီက – “နေမာက ဒီပွဲကို နာကျင်မှုကြီးနဲ့ ကစားခဲ့ရတာပါ။ သူက နာကျင်နေပေမယ့် အသင်းကို ကူညီပေးနိုင်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ ဒါကြောင့် နာကျင်မှုကြီးနဲ့ ကစားခဲ့တဲ့ သူ့ရဲ့ ပေးဆပ်မှုက တကယ်ကို လေးစားစရာ ကောင်းပါတယ်။ သူက ဒဏ်ရာရခဲ့ပေမယ့် ကွင်းထဲမှာ နောက်ထပ် ၁၁မိနစ် ကစားပေးခဲ့ပါတယ်။ သူ လုံးဝ မခံနိုင်တော့မှပဲ လူစားလဲဖို့ ဆုံးဖြတ်ခဲ့တာပါ။ ကျွန်တော်တို့ကတော့ နေမာဟာ ဒီကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆက်ကစားနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ ကျွန်တော်က နေမာဟာ ကြီးကြီးမားမား ဒဏ်ရာရသွားခဲ့တယ်လို့ မမြင်ပါဘူး။ သူက လိမ်ခေါက် ဖြတ်ကျော်မှုတွေ ပြုလုပ်တဲ့ အချိန်တွေမှာပဲ ခြေကျင်းဝတ်နားမှာ နာကျင်မှုကို ခံစားရတာပါ။ ကျွန်တော်တို့ ရသွားတဲ့ ဒုတိယဂိုးမှာ ဆိုရင် သူက ဘောလုံးကို ထိလိုက်တဲ့ အချိန်မှာ နာကျင်မှု ခံစားခဲ့ရတာကို အတိုင်းသား မြင်ခဲ့ရပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။