ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဒေါ့မွန်ရဲ့ နည်းပြချုပ် ဖြစ်သူ တာဇစ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့ရတဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကို ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရပြီးနောက် ရီးရဲလ်မက်ဒရစ်ဟာ စစ်မှန်တဲ့ ချန်ပီယံ ဖြစ်ကြောင်း ချီးကျူး ဂုဏ်ပြုစကား ပြောကြားသွားခဲ့ပါတယ်။

တာဇစ် ဦးဆောင်နေတဲ့ ဒေါ့မွန်က ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပရိသတ်တွေ အပါအဝင် ဘောလုံးပွဲ သုံးသပ်သူတွေရဲ့ အထင်ကြီးမှုကို မရခဲ့ပေမယ့် ဒေါ့မွန်က အုပ်စုအဆင့်မှာ ပီအက်စ်ဂျီ ၊ နယူးကာဆယ် ၊ အေစီမီလန်တို့လို အသင်းကောင်းတွေ ပါဝင်နေတဲ့ သေမန်းတမာန်အုပ်စုမှာ ပထမနေရာကို ရယူရင်း သူတို့ရဲ့ လုပ်နိုင်စွမ်းကို ပြသခဲ့ပါတယ်။

Photo Credit: Reuters

ရှုံးထွက်အဆင့်ဆီ ရောက်ရှိချိန်မှာလည်း ဒေါ့မွန်က သူတို့ရဲ့ တည်ငြိမ်တဲ့ ခြေစွမ်းကောင်းတွေကို ဆက်လက် ထုတ်ပြနိုင်ခဲ့ပြီး ဒေါ့မွန်က အက်သလက်တီကို မက်ဒရစ် ၊ ပီအက်စ်ဂျီတဲ့ အသင်းကောင်းတွေကို ကျော်ဖြတ်ကာ ဗိုလ်လုပွဲဆီ ရောက်ခဲ့ပါတယ်။

ဗိုလ်လုပွဲမှာတော့ ဒေါ့မွန်က ချန်ပီယံလိဂ် ဘုရင်ကြီး ရီးရဲလ်မက်ဒရစ်နဲ့ ထိပ်တိုက် တွေ့ဆုံခဲ့ပြီး တာဇစ်နဲ့ ဒေါ့မွန်ရဲ့ ကစားသမားတွေက ဗိုလ်လုပွဲမှာ ချန်ပီယံ ဖြစ်အောင် အစွမ်းကုန် ကြိုးစားခဲ့ကြပေမယ့် ရီးရဲလ်မက်ဒရစ်ရဲ့ တည်ငြိမ်လွန်းတဲ့ ကစားဟန်ကို မကျော်ဖြတ်နိုင်ခဲ့တာကြောင့် ဒုတိယနေရာနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

Photo Credit: Bein Sports

ဒေါ့မွန် ၀-၂ ရီးရဲလ်မက်ဒရစ် ပွဲစဉ်မှာ နှစ်သင်းစလုံးက အကောင်းဆုံး ကစားဟန်တွေကို ထုတ်ပြနိုင်ခဲ့ကြပေမယ့် ရီးရဲလ်မက်ဒရစ်ရဲ့ ကစားသမားတွေက ချန်ပီယံလိဂ် အတွေ့အကြုံရင့် ကစားသမားတွေပီပီ ရလာတဲ့ အခွင့်အရေးတွေကို အကောင်းဆုံး အသုံးချကာ အနိုင်ဂိုးတွေ သွင်းယူရင်း ချန်ပီယံ အဖြစ် အောင်ပွဲခံသွားခဲ့တာပါ။

အကောင်းဆုံး ကြိုးစားခဲ့ပေမယ့် ချန်ပီယံ မဖြစ်ခဲ့တဲ့နောက် ဒေါ့မွန်နည်းပြ တာဇစ်က ရီးရဲလ်မက်ဒရစ်ကို ဂုဏ်ပြုစကား ပြောကြားသွားခဲ့ပြီး အခွင့်အရေးတွေကို အကောင်းဆုံး အသုံးချနိုင်မှုက ပွဲအဖြေကို ပြောင်းလဲသွားစေခဲ့တယ်လို့ ဆိုလာပါတယ်။ တာဇစ်က -“ဒီနေ့မှာတော့ ကျွန်တော်တို့က ဘာကြောင့် ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၅ကြိမ် ချန်ပီယံ ဖြစ်ခဲ့သလဲ ဆိုတာရဲ့ အဖြေကို တွေ့ခဲ့ရပါတယ်။ အဲ့ဒါကတော့ ထိရောက်တဲ့ လုပ်နိုင်စွမ်းပါ။ ဒီနေ့ပွဲမှာ ကျွန်တော်တို့တွေ လိုအပ်ခဲ့တဲ့ အရာပေါ့။ ရီးရဲလ်မက်ဒရစ်က စစ်မှန်တဲ့ ချန်ပီယံပါ” လို့ ပြောကြားသွားခဲ့ပဲ ဖြစ်ပါတယ်။