ချဲလ်ဆီးအသင်းရဲ့ ဂန္တဝင် နောက်ခံ ကစားသမားဟောင်း ဂျွန် တယ်ရီက ချဲလ်ဆီးအသင်းဟာ ဒေါ့မွန်အသင်းရဲ့ လူငယ် တောင်ပံလူ ဆန်ချိုကို ခေါ်ယူသင့်တယ်လို့ အကြံပေးသွားပါတယ်။ ချဲလ်ဆီးအသင်းဟာ ဂျာမနီနိုင်ငံက ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲမှာ ခြေစွမ်းပြနေတဲ့ ဒေါ့မွန်အသင်းရဲ့ တောင်ပံကစားသမား ဆန်ချိုကို ခေါ်ယူဖို့အတွက် အရင်ကတည်းက စိတ်ဝင်စားနေခဲ့ပါတယ်။ ဆန်ချိုဟာ လက်ရှိမှာ အသက် (၁၉) နှစ်အရွယ်သာ ရှိနေသေးပြီး (၂၀၁၇) ခုနှစ်က မန်စီးတီးလူငယ်အသင်းကနေ ဒေါ့မွန်အသင်းကို ပေါင် (၈) သန်း ဝန်းကျင်နဲ့ ပြောင်းသွားခဲ့ပါတယ်။

Photo Credit: Goal

ဆန်ချိုဟာ ဒေါ့မွန်အသင်းကို ပြောင်းသွားပြီးတဲ့ အချိန်မှာ ခြေစွမ်းပြနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ (၉၀) ပွဲ ကစားပြီးတဲ့ အချိန်မှာ သွင်းဂိုး (၃၁) ဂိုး နဲ့ ဂိုးဖန်တီးမှု (၃၆) ကြိမ် ပြုလုပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အင်္ဂလန် လက်ရွေးစင် ဆန်ချိုဟာ ဂျာမနီနိုင်ငံက ဒေါ့မွန်အသင်းမှာ ခြေစွမ်းပြနေပေမဲ့လည်း အင်္ဂလန်နိုင်ငံကို တစ်ကျော့ပြန် ပြန်လာနိုင်ချေရှိတယ်လို့ သတင်းတွေ ထွက်လာခဲ့ပါတယ်။ ဒါကြောင့်လည်း ဂျွန် တယ်ရီက ဆန်ချိုဟာ ကမ္ဘာ့ အကောင်းဆုံး လူငယ် ကစားသမား တစ်ဦး ဖြစ်ပြီး ချဲလ်ဆီးအသင်းအနေနဲ့ ခေါ်ယူသင့်တယ်လို့ Frank Khalid နဲ့ အမေးအဖြေ ပြုလုပ်ရာမှာ ပြောသွားခဲ့ပါတယ်။

Photo Credit: Goal

ဂျွန် တယ်ရီက “လူငယ် ကစားသမားတွေက သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ပြသလာပြီလို့ ကျွန်တောင် ယူဆပါတယ်။ ကျွန်တော်တို့ ရာသီအစမှာ အေဘရာဟင် နဲ့ မေဆင် မောင့်တို့ရဲ့ အကြောင်းကို ပြောခဲ့ကြပါတယ်။ သူတို့နှစ်ဦးက သူတို့ရဲ့ ကစားနိုင်စွမ်းကို ပြသခဲ့ကြပါတယ်။ ဆန်ချိုက ကမ္ဘာ့ အကောင်းဆုံး လူငယ် ကစားသမားတွေထဲက တစ်ယောက်ပါပဲ။ ဒါကြောင့် ချဲလ်ဆီးအသင်းအနေနဲ့ သူ့ကို ခေါ်ယူသင့်ပြီး သူက ကြီးမားတဲ့ ပေါင်းစပ်မှု ဖြစ်လာနိုင်ပါတယ်။ သူ ရောက်လာရင် ချဲလ်ဆီးအသင်းကို ပိုကောင်းအောင် ပြုလုပ်နိုင်ပါတယ်။ လက်ရှိရာသီက ကောင်းတာတွေ အများကြီး ရှိနေပါတယ်။ ချဲလ်ဆီး ပရိသတ်တွေအနေနဲ့ လူငယ်အသင်း နဲ့ လူငယ် မျိုးဆက်သစ်တွေကို မြင်ချင်ကြမယ်လို့ ထင်မိပါတယ်”လို့ ပြောကြားသွားခဲ့ပါတယ်။