MySport Myanmar

ချယ်လ်ဆီးရဲ့ ရှယ်ယာတွေကို ဝယ်ယူဖို့ ကြိုးစားနေတဲ့ ချယ်လ်ဆီးဂန္တဝင် ဂျွန် တယ်ရီ

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ ဂန္တဝင် အသင်းခေါင်းဆောင် တဦး ဖြစ်သူ ဂျွန် တယ်ရီနဲ့ သူ့ရဲ့ မိတ်ဆွေတချို့က ချယ်လ်ဆီးရဲ့ ရှယ်ယာ ၁၀ရာခိုင်နှုန်းကို ဝယ်ယူရန် ကြိုးစားနေကြကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ မတ်လောက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အင်္ဂလန်နဲ့ ချယ်လ်ဆီးတို့ရဲ့ ဂန္တဝင် ခံစစ်မှူးကြီး ဂျွန် တယ်ရီက ချယ်လ်ဆီးအကယ်ဒမီရဲ့ အကောင်းဆုံး ထွက်ကုန် တခု ဖြစ်ခဲ့သလို လက်ရှိအချိန်အထိ လိုအပ်တဲ့အချိန်တိုင်း ချယ်လ်ဆီးမှာ သူ နိုင်တဲ့ တာဝန်ကို ထမ်းဆောင်လေ့ ရှိတဲ့ သစ္စာရှိ ဂန္တဝင် ကစားသမားကြီးပဲ ဖြစ်ပါတယ်။

Photo Credit: Goal

ယခုချိန်မှာ အမေရိကန် သန်းကြွယ်သူဌေး တော့ပ် ဘိုလေနဲ့ သူ့ရဲ့ တွဲဖက် ဘီလီယံနာ တဦးက ချယ်လ်ဆီးကို အလုံးစုံ ပိုင်ဆိုင်ထားပြီး တော့ပ် ဘိုလေနဲ့ သူ့ရဲ့ မိတ်ဆွေတို့က ချယ်လ်ဆီးကို ကမ္ဘာ့အကောင်းဆုံး ဘောလုံးအသင်း ဖြစ်လာအောင် တည်ဆောက်ဖို့ ဆုံးဖြတ်ထားသလို တဖက်မှာလည်း ချယ်လ်ဆီးရဲ့ ပုံရိပ်ကို အသုံးချကာ ကမ္ဘာတလွှားမှာ မိတ်ဖက်ကလပ်တွေ ထူထောင်ဖို့ စီစဉ်နေပါတယ်။

တော့ပ် ဘိုလေရဲ့ အကြံအစည်က ငွေကုန်ကြေးကျ များမယ့် အစီအစဉ် တခု ဖြစ်တာကြောင့် ချယ်လ်ဆီးရဲ့ ဘုတ်အဖွဲ့က ရှယ်ယာရှင်အသစ် တချို့ကို အသင်းဆီ ခေါ်ယူဖို့ စဉ်းစားနေကြပြီး ချယ်လ်ဆီးဘုတ်အဖွဲ့က အသင်းရဲ့ ရှယ်ယာ ၁၀ရာခိုင်နှုန်းခန့်ကို အကျိုးတူ ပူးပေါင်းမယ့် သန်းကြွယ်သူဌေး တဦးဆီ ရောင်းထုတ်ချင်နေပါတယ်။

Photo Credit: Euro Sports

ချယ်လ်ဆီးနဲ့ နီးစပ်တဲ့ နာမည်ကြီးသတင်းထောက် မတ်လောရဲ့ ဖော်ပြချက်အရ တော့ပ် ဘိုလေရဲ့ ရှယ်ယာရှင်အသစ် ခေါ်ယူမယ့် အစီအစဉ်ကြောင့် ချယ်လ်ဆီးဂန္တဝင် ဂျွန် တယ်ရီနဲ့ သူ့ရဲ့ မိတ်ဆွေတချို့ ပူးပေါင်းကာ ချယ်လ်ဆီးရဲ့ ရှယ်ယာ ၁၀ရာခိုင်နှုန်းကို ဝယ်ယူဖို့ ကြိုးစားနေကြကြောင်း သိရပါတယ်။

ချယ်လ်ဆီးဂန္တဝင် ဂျွန် တယ်ရီက ပေါင် ၁၀၀သန်း ဝန်းကျင်သာ ကြွယ်ဝ ချမ်းသာပေမယ့် သူ့ရဲ့ သန်းကြွယ်သူဌေး မိတ်ဆွေတွေက တယ်ရီကို ငွေထုတ်ပေးမှာ ဖြစ်တာကြောင့် တယ်ရီဟာ ချယ်လ်ဆီးရဲ့ ရှယ်ယာ ၁၀ရာခိုင်နှုန်းကို ဝယ်ယူနိုင်မယ့် ငွေကြေးပမာဏမျိုး ပိုင်ဆိုင်ထားကြောင်း တယ်ရီနဲ့ နီးစပ်သူ တချို့က ဆိုထားပါတယ်။

Exit mobile version