ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ ဂန္တဝင် ခံစစ်မှူး တဦး ဖြစ်သလို အသင်းရဲ့ တာဝန်ရှိသူဟောင်းလည်း ဖြစ်တဲ့ ဂျွန် တယ်ရီက အသင်းဟောင်းရဲ့ လက်ရှိနည်းပြချုပ် ပိုချက်တီနိုဟာ ထိပ်တန်းနည်းပြ ဖြစ်သလို ကစားသမားတွေကလည်း ငယ်ရွယ်တဲ့ ကစားသမားတွေ ဖြစ်တာကြောင့် ပိုချက်တီနိုကို အချိန်ပေးသင့်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

အာဂျင်တီးနားလူမျိုး ထိပ်သီးနည်းပြ ပိုချက်တီနိုက ၂၀၂၃ခုနှစ် ၊ ဇူလိုင်လ ၁ရက်နေ့မှ စတင်ကာ ချယ်လ်ဆီးကို တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး သူ့ရဲ့လက်အောက်မှာ ချယ်လ်ဆီးက တန်ကြေးမြင့် ကစားသမား များစွာကို ခေါ်ယူခဲ့ပေမယ့် အခုချိန်အထိ သုံးထားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ရလဒ်ကောင်းတွေကို မရသေးပါဘူး။

Photo Credit: The Sun

ချယ်လ်ဆီးက ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ဒီဆာဆီ ၊ ပါလ်မာ ၊ ကိုင်စီဒို ၊ လာဗီယာ ၊ အန်ကွန်ကူ စတဲ့ ကစားသမားတွေကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေ ပေးချေကာ ခေါ်ယူခဲ့သလို နီကိုလပ်စ် ဂျက်ဆန် ၊ ရော်ဘတ် ဆန်းချက်ဇ် စတဲ့ ကစားသမားတွေကိုလည်း သင့်တင့်တဲ့ ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူခဲ့ပါတယ်။

ချယ်လ်ဆီးက ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ပြောင်းရွှေ့ကြေး ပေါင် ၃၅၀သန်းကျော် အကုန်အကျ ခံကာ ကစားသမားသစ်တွေ ခေါ်ယူ အားဖြည့်ခဲ့တာကြောင့် နွေဈေးကွက်ရဲ့ အသုံးစရိတ် အများဆုံးအသင်း အဖြစ် မှတ်တမ်းဝင်ခဲ့ပေမယ့် ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ မလွယ်တော့သလို ဥရောပပြိုင်ပွဲဝင်ခွင့် ရဖို့ ရုန်းကန်ရမယ့် အနေအထားဆီ ရောက်နေပါတယ်။

Photo Credit: Football London

ဒါကြောင့်ပဲ ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေက ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ဖို့ စတင် စဉ်းစားနေပြီ ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး ဂျွန် တယ်ရီကတော့ သူတို့အသင်းဟာ လူငယ် ကစားသမားတွေ စုစည်းထားတဲ့ အသင်းမျိုး ဖြစ်တာကြောင့် လီဗာပူး ၊ မန်ချက်စတာ စီးတီး စတဲ့ အသင်းတွေကို ယှဉ်နိုင်ဖို့ အချိန်ယူရဦးမှာ ဖြစ်ပြီး ပိုချက်တီနိုဟာ ထိပ်တန်းနည်းပြ ဖြစ်တာကြောင့် သူ့ကို အချိန်ပေးသင့်တယ်လို့ အကြံပေးသွားခဲ့ပါတယ်။

ဂျွန် တယ်ရီက – “ကံမကောင်းစွာနဲ့ပဲ အခုချိန်မှာ ချယ်လ်ဆီးက အနည်းငယ် နိမ့်ပါးနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က နည်းပြကို အချိန်ပေးဖို့ လိုအပ်ပါတယ်။ နည်းပြတိုင်းက အချိန်တခု လိုအပ်တာချည်းပါပဲ။ ပိုချက်တီနိုက ထိပ်တန်းနည်းပြပါ။ ကျွန်တော်က သူ့ရဲ့ အလုပ်လုပ်ပုံကို အနီးကပ် တွေ့ဖူးပါတယ်။ ကျွန်တော်တို့က လူငယ်တွေနဲ့ စုစည်းထားတဲ့ အသင်းမျိုး ဖြစ်တာကြောင့် မန်ချက်စတာ စီးတီး ၊ လီဗာပူး အဲ့ဒီလို အသင်းတွေကို ယှဉ်နိုင်ဖို့ အတော်လေး အချိန်ယူရပါဦးမယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။