ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးရဲ့ ဂန္တဝင် နောက်ခံလူ တဦး ဖြစ်သလို လက်ရှိအချိန်မှာ နည်းပြတဦး အဖြစ် လုပ်ကိုင်ဖို့ လေ့လာမှုတွေ ပြုလုပ်နေတဲ့ ဂျွန်တယ်ရီကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ မန်ချက်စတာ စီးတီးက လီဗာပူးကို ရှုံးနိမ့်ခဲ့ရတာဟာ မန်ချက်စတာ စီးတီးနည်းပြ ပပ် ဂွာဒီယိုလာရဲ့ စတန့်ထွင်မှုကြောင့် ဖြစ်ကြောင်း ဝေဖန် သုံးသပ်သွားခဲ့ပါတယ်။

လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အဆင့်၁ မန်ချက်စတာ စီးတီးနဲ့ အဆင့်၂ လီဗာပူးတို့ဟာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ် အဖြစ် ဝင်ဘလေကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ကြရာ လီဗာပူးက အသင်းရဲ့ အဓိက တိုက်စစ်မှူး မာနေးရဲ့ ခြေစွမ်းပြမှုနဲ့အတူ ၃-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူကာ ဗိုလ်လုပွဲဆီ တက်ရောက်နိုင်ခဲ့ပြီး ဗိုလ်လုပွဲမှာတော့ လီဗာပူးက ချယ်လ်ဆီးနဲ့ ပဲလေ့စ်တို့ ပွဲစဉ်မှာ အနိုင်ရရှိတဲ့ အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာလည်း ဖြစ်ပါတယ်။

Photo Credit: Marca

လီဗာပူး ၃-၂ မန်ချက်စတာ စီးတီး ပွဲစဉ်မှာ လီဗာပူးနည်းပြ ကလော့ပ်က အသင်းရဲ့ အဓိက ကစားသမား အစုံအလင်ကို ထုတ်သုံးခဲ့ပေမယ့် တဖက်မှာတော့ မန်ချက်စတာ စီးတီးနည်းပြ ဂွာဒီယိုလာက အသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်တဲ့ အီဒါဆန် ၊ မာရက်ဇ် ၊ ဒီဘရိုင်း စတဲ့ ကစားသမားတွေကို အနားပေးကာ အရန် ကစားသမား တချို့ကို ထုတ်သုံးခဲ့ပြီး သူ သုံးခဲ့တဲ့ အရန်ဂိုးသမား စတီဖန်ရဲ့ အမှားကြောင့်ပဲ လီဗာပူး တိုက်စစ်မှူး မာနေးက သွင်းဂိုး တဂိုးကို ခပ်လွယ်လွယ် သွင်းယူနိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ချယ်လ်ဆီးရဲ့ ဂန္တဝင် နောက်ခံလူဟောင်း ဂျွန်တယ်ရီက ဆီမီးဖိုင်နယ်လို အရေးပါတဲ့ ပွဲစဉ်မျိုးမှာ ဂွာဒီယိုလာရဲ့ အဓိက ဂိုးသမား အီဒါဆန်ကို အနားပေးကာ အရန် ဂိုးသမား စတီဖန်ကို သုံးစွဲခဲ့တဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Marca

ဂျွန်တယ်ရီက – “ခင်ဗျားတို့တွေ ဘာကြောင့် ကိုယ့်ရဲ့ အကောင်းဆုံး ကစားသမားတွေကို အနားပေးတာမျိုး ၊ အလှည့်ကျစနစ်နဲ့ သုံးစွဲတာမျိုးကို မလုပ်သင့်ဘူးလဲ ဆိုတာ ဒီပွဲက သက်သေပါပဲ။ ကိုယ့်ရဲ့ အကောင်းဆုံးအသင်း ၊ အင်အားအတောင့်ဆုံး လူစာရင်းကို သုံးပြီး ပွဲတွေကို ကစားပါ” လို့ ဝေဖန် သုံးသပ်သွားခဲ့တာပါ။