MySport Myanmar

ရော်နယ်လ်ဒိုကို Misstiano Penaldo လို့ ခေါင်းစဉ်တပ်ခဲ့တဲ့ BBC ရုပ်သံကို တယ်ရီ ဝေဖန်

ပေါ်တူဂီအသင်းရဲ့ အသင်းခေါင်းဆောင် ဝါရင့် တိုက်စစ်ကစားသမားကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ပင်နယ်တီ လွဲချော်မှုနဲ့ ပတ်သက်ပြီး Misstiano Penaldo ဆိုပြီး ခေါင်းစဉ်တပ် ဖော်ပြခဲ့တဲ့ နာမည်ကြီး ဗြိတိန်ရုပ်သံ BBC ကို အင်္ဂလန် ကစားသမားဟောင်းကြီး ဂျွန်တယ်ရီက ပြစ်တင် ဝေဖန်သွားခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ ပေါ်တူဂီနဲ့ ဆလိုဗေးနီးယားတို့ရဲ့ ယူရို-၂၀၂၄ပြိုင်ပွဲ ရှုံးထွက် (၁၆)သင်းအဆင့်ပွဲစဉ်မှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ရင်း ပေါ်တူဂီ တိုက်စစ်ကို ဦးဆောင်ကစားခဲ့ပြီး အချိန်ပို ပထမပိုင်းမှာပဲ ပင်နယ်တီ ကန်သွင်းခွင့် ရရှိခဲ့ပေမယ့် အဲ့ဒီပင်နယ်တီကို ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပဲ ဆလိုဗေးနီးယား ဂိုးသမား အော့ဘလက်က ကာကွယ်သွားနိုင်ခဲ့ပါတယ်။

Photo Credit : Ben Jacobs

အခုဆိုရင် ရော်နယ်လ်ဒိုဟာ ယူရို-၂၀၂၄ ပြိုင်ပွဲရဲ့ အုပ်စုပွဲစဉ်တွေနဲ့ (၁၆)သင်းရှုံးထွက်ပွဲစဉ် စုစုပေါင်း ပွဲစဉ်(၄)ပွဲလုံးအထိ ဂိုးပေါက်ပျောက်နေရပြီး တူရကီကို ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာသာ ဂိုးဖန်တီးမှုတစ်ကြိမ်ကို ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ အဓိကတော့ ရော်နယ်လ်ဒိုက ဂိုးရလောစိတ်တွေ များနေပြီး ဂိုးမသွင်းနိုင်တဲ့အခါ ဖိအားတွေ ပိုများလာရတာ ဖြစ်ပါတယ်။

ဆလိုဗေးနီးယားနဲ့ပွဲမှာလည်း ပင်နယ်တီဂိုးနဲ့ ပွဲကို တခါတည်း အပြီးသတ်လိုက်နိုင်မယ့် အခွင့်အရေးကို အသုံးမချနိုင်ခဲ့ချိန်မှာ BBC ရုပ်သံက ပင်နယ်တီ လွဲချော်ခဲ့တဲ့ ရော်နယ်လ်ဒိုကို Misstiano Penaldo ဆိုပြီး စာတန်းထိုး ဖော်ပြခဲ့ရာ ဒါကို တယ်ရီက အမိအရ မှတ်တမ်းယူထားခဲ့ပြီး ဒါဟာ သိက္ခာမရှိတဲ့ လုပ်ရပ်တစ်ခု ဖြစ်တယ်လို့ BBC ကို ဝေဖန်သွားခဲ့ပါတယ်။

 

 

Photo Credit : Marca

ရော်နယ်လ်ဒိုအနေနဲ့ကလည်း အသင်းအတွက် အလွန်အရေးပါတဲ့ ပင်နယ်တီကို ဝင်အောင် မကန်သွင်းနိုင်ခဲ့လို့ လွန်စွာ ဝမ်းနည်းပူဆွေးခဲ့ရလို့ ဒါလော့ အပါအဝင် ပေါ်တူဂီ အသင်းဖော်တွေက ဝိုင်းနှစ်သိမ့်ပေးခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူချိန်မှာတော့ ရော်နယ်လ်ဒိုက ဖိအားကင်းကင်းနဲ့ အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့ပါတယ်။

အခုဆိုရင် ရော်နယ်လ်ဒိုရဲ့ ပေါ်တူဂီအသင်းဟာ ယူရို-၂၀၂၄ရဲ့ ကွာတားဖိုင်နယ်အဆင့်ဆီ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပြီး ကွာတားမှာတော့ နာမည်ကြီး ပြင်သစ်အသင်းနဲ့ ထိပ်တိုက် တွေ့ဆုံနေတာကြောင့် ပေါ်တူဂီအတွက် အတော်လေး ခက်ခဲရနိုင်ပေမယ့် ပြင်သစ်ဟာလည်း အခုထိ open play ကနေ ဂိုးလုံးဝ မရသေးပဲ own goals တွေ ပင်နယ်တီဂိုးတွေနဲ့သာ ဒီအဆင့်ထိ ရောက်လာတာဖြစ်လို့ ပေါ်တူဂီအတွက် မျှော်လင့်ချက်လည်း ရှိကောင်းရှိနိုင်ပါတယ်။

Exit mobile version