MySport Myanmar

ဒီဂျောင်အပြင် တာစတီဂျန်ကိုပါ လစာလျှော့မယူရင် တရားစွဲဖို့ စီစဉ်ထားတဲ့ ဘာစီလိုနာ

စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာက သူတို့အသင်းရဲ့ လုပ်ခလစာ ဖောင်းပွနေမှု ပြဿနာကို ဖြေရှင်းနိုင်ဖို့ ကွင်းလယ်လူ ဒီဂျောင်အပြင် နံပါတ်တစ် ဂိုးသမား ဖြစ်သူ တာစတီဂျန်ကိုပါ လစာလျှော့ယူဖို့ အတင်းအကျပ် ဖိအားပေးထားပြီး အကယ်၍ လုပ်ခလစာ လျှော့မယူရင် တရားစွဲဖို့ပါ စီစဉ်ထားကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

ဘာစီလိုနာက ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကာလ အတွင်းမှာ ကြီးမားတဲ့ ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် အသင်းရဲ့ လုပ်ခလစာမြင့် ကစားသမားတွေကို လုပ်ခလစာ လျှော့ယူဖို့ ဖြောင်းဖျခဲ့ရကာ အပြန်အလှန်အနေနဲ့ ကစားသမားတွေကို ၂နှစ်ကြာ လုပ်ခလစာ လျှော့ယူပြီးနောက် ၃နှစ်မြောက်မှ စတင်ကာ ယခင် ရရှိနေတဲ့ လုပ်ခလစာထက် ပိုမို မြင့်မားတဲ့ လုပ်ခလစာ တရပ် ပေးချေမယ်လို့ သဘောတူခဲ့ရပါတယ်။

Photo Credit: Marca

အဲ့ဒီလိုမျိုး သဘောတူညီချက်နဲ့ပဲ ဘာစီလိုနာရဲ့ ဥက္ကဌဟောင်း ဘာတိုမြူနဲ့ ဘုတ်အဖွဲ့ဟောင်းတို့က ဒီဂျောင် ၊ တာစတီဂျန် ၊ လဂ်လက်နဲ့ ပီကေးတို့ကို ၂၀၂၀ခုနှစ်မှာ စာချုပ်သစ်တွေ ချုပ်ဆိုခဲ့ကြပြီး အဆိုပါ စာချုပ်တွေအရ ဒီဂျောင် ၊ တာစတီဂျန် ၊ လဂ်လက်နဲ့ ပီကေးတို့ဟာ ယခုနှစ် ဘောလုံးရာသီမှ စတင်ကာ ယခင် ရရှိနေကြ လုပ်ခလစာထက် ပိုမို မြင့်မားတဲ့ လုပ်ခလစာတွေ ရမယ့်အပြင် ပြီးခဲ့တဲ့ ၂နှစ်တာ အတွင်းမှာ လုပ်ခလစာ လျှော့ယူခဲ့ရတဲ့ အတွက် အပိုဆုကြေးတွေပါ ထပ်မံ ရရှိဖို့ ရှိနေပါတယ်။

ဒါပေမယ့် ဘာစီလိုနာရဲ့ ဥက္ကဌသစ် လာပေါ်တာနဲ့ ဘုတ်အဖွဲ့အသစ်ကတော့ ဒီဂျောင် ၊ တာစတီဂျန် ၊ လဂ်လက်နဲ့ ပီကေးတို့ကို စာချုပ်သစ်အတိုင်း လုပ်ခလစာတွေ ပေးချေဖို့ ငြင်းဆန်နေသလို သူတို့ချုပ်ဆိုထားတဲ့ စာချုပ်သစ်တွေဟာ ဥပဒေကြောင်းအရ တရားမဝင်တာကြောင့် စာချုပ်အဟောင်းအတိုင်း ပြန်နေပေးဖို့ အတင်းအကျပ် ဖိအားပေးနေကြပါတယ်။

Photo Credit: Marca

ကတ်တလန်တာ အခြေစိုက် နာမည်ကြီးသတင်းဌာန အားလုံးရဲ့ တညီတညွတ်ထဲ ဖော်ပြချက်တွေအရ ဘာစီလိုနာက တာစတီဂျန် ၊ ဒီဂျောင် ၊ လဂ်လက်နဲ့ ပီကေးတို့ အကုန်လုံးကို သူတို့ရဲ့ စာချုပ်သစ်တွေဟာ တရားမဝင်ကြောင်း အသိပေးခဲ့ပြီး အကယ်၍ ကစားသမားတွေကသာ စာချုပ်သစ်အတိုင်း လုပ်ခလစာ ပေးချေဖို့ ဆက်လက် တောင်းဆိုနေမယ်ဆိုရင် တရားစွဲဖို့ အတွက် ရှေ့နေတွေ ၊ ဥပဒေကြောင်းအရ နားလည်တတ်ကျွမ်းသူတွေနဲ့ စတင် တိုင်ပင်နေကြောင်းလည်း သိရပါတယ်။

လက်ရှိမှာတော့ လဂ်လက်က စပါးဆီ တရာသီအငှားနဲ့ ပြောင်းရွှေ့ ကစားနေတာကြောင့် သူဟာ ဘာစီလိုနာရဲ့ စီမံမှုကို လိုက်နာ ဆောင်ရွက်ခဲ့တယ်လို့ ယူဆနိုင်သလို ပီကေးကလည်း လုပ်ခလစာ လျှော့ယူကာ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူထားတာကြောင့် ဒီဂျောင်နဲ့ တာစတီဂျန်တို့ နှစ်ဦးထဲကသာ ဘာစီလိုနာနဲ့ တရားရင်ဆိုင်ရနိုင်ကြောင်း ဘာစီလိုနာနဲ့ နီးစပ်တဲ့ သတင်းထောက် အယ်ဖရက်ဒို မာတီနက်ဇ်က ဆိုပါတယ်။

Exit mobile version