ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က အသင်းရဲ့ အဓိက ညာတောင်ပံ ကစားသမား နှစ်ဦး ဖြစ်သူ အန်တိုနီနဲ့ ဆန်ချိုတို့တွေ ပြဿနာ အသီးသီးကြောင့် မပါဝင်နိုင်ချိန်မှာ ရေတိုသာ သုံးနိုင်မယ့် ညာတောင်ပံ ကစားသမားသစ် ခေါ်ယူမယ့် အစား လူငယ် တောင်ပံကစားသမား ပယ်လစ္စထရီကို နေရာပေး အသုံးပြုဖို့ စီစဉ်ထားကြောင်း ခိုင်မာတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ ဘရာဇီးလ်တို့ရဲ့ ညာတောင်ပံ ကစားသမား အန်တိုနီက ချစ်သူဟောင်းရဲ့ အိမ်တွင်း အကြမ်းဖက်မှုနဲ့ တရားစွဲဆိုမှုကို ခံထားရတာကြောင့် ဘရာဇီးလ်နိုင်ငံဆီ ပြန်ကာ တရားရင်ဆိုင်နေရတာကြောင့် အမှု မပြီးမချင်း မန်ချက်စတာ ယူနိုက်တက် အတွက် ပြန်ကစားပေးနိုင်မှာ မဟုတ်ပါဘူး။

Photo Credit: Goal

နောက်ထပ် ညာတောင်ပံ ကစားသမား ဖြစ်သူ ဂျေဒန် ဆန်ချိုကလည်း ယူနိုက်တက်နည်းပြချုပ် တန်ဟက်ဂ်နဲ့ သဘောထား ကွဲလွဲမှုတွေ ရှိခဲ့တာကြောင့် တန်ဟက်ဂ်က သူ့ကို အသင်းနဲ့ ပူးပေါင်းခွင့် မပေးသေးသလို ပွဲထွက် အသုံးပြုဖို့လည်း ရာခိုင်နှုန်း နည်းပါးနေပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမား အင်အားဖြည့်တင်းရေး တာဝန်ခံတွေက ဆန်ချိုနဲ့ အန်တိုနီတို့ မရှိချိန်မှာ အသင်းရဲ့ ညာတောင်ပံကို တာဝန်ယူပေးနိုင်သလို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရမယ့် ကစားသမားတွေကို လိုက်လံ ချိတ်ဆက်နေပြီး လေဗာကူဆင် အသင်းခေါင်းဆောင်ဟောင်း ဘယ်လာရာဘီနဲ့ ဗီလာ ကစားသမားဟောင်း အယ်ဂါဇီတို့ဟာ ယူနိုက်တက်ရဲ့ ပစ်မှတ်စာရင်းထဲမှာ ပါဝင်နေပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ လော်ရီ ဝှိုက်ဝဲလ်ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရမယ့် ကစားသမား တချို့နဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ယူနိုက်တက်နည်းပြချုပ် တန်ဟက်ဂ်ကတော့ ကစားသမားသစ် ထပ်မခေါ်တော့ပဲ လူငယ်ကြယ်ပွင့် ပယ်လစ္စထရီကို နေရာပေး အသုံးပြုဖို့ စဉ်းစားထားပြီး ပယ်လစ္စထရီ မကစားနိုင်ခဲ့ရင်လည်း ဂါနာချို ၊ ဖာနန်ဒက်နဲ့ မေဆန်မောင့်တို့ကို ညာတောင်ပံ ပို့ကာ ကစားခိုင်းဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။

အသက် ၂၁နှစ် အရွယ် ဥရုဂွေး လက်ရွေးစင် လူငယ်ကြယ်ပွင့် ပယ်လစ္စထရီက ၂၀၂၀ခုနှစ်မှာ ပီနဲရိုးလ်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၈.၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ကစားသမား ဘဝမှာ စုစုပေါင်း ၉၃ပွဲ ကစားခဲ့ရာ သွင်းဂိုး ၅ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၆ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။