ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဆိုစီဒက် ၀-၁ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ လူငယ်ကြယ်ပွင့် ဂါနာချိုကို လာမယ့်ပွဲတွေမှာလည်း ဆက်လက် နေရာပေးသွားမယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ယူရိုပါလိဂ် အုပ်စုနောက်ဆုံးပွဲ အဖြစ် ဆိုစီဒက်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ အုပ်စုဗိုလ်အဖြစ်နဲ့ ရှုံးထွက်အဆင့်ဆီ တက်ရောက်နိုင်ဖို့ အတွက် ၂ဂိုးပြတ် အနိုင်ယူဖို့ လိုအပ်ခဲ့ပေမယ့် တိုက်စစ်ပိုင်း အားနည်းချက်တွေ ရှိခဲ့တာကြောင့်ပဲ ဂါနာချိုရဲ့ ပွဲချိန် ၁၇မိနစ်မှာ သွင်းယူခဲ့တဲ့ တလုံးထဲသော သွင်းဂိုးနဲ့သာ အနိုင်ရခဲ့ပါတယ်။

Photo Credit: Sky Sports

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က ၃၂သင်း ရှုံးထွက်အဆင့်ဆီ အုပ်စုဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပြီး ၃၂သင်း ရှုံးထွက်အဆင့်မှာတော့ ချန်ပီယံလိဂ်ကနေ ရောက်လာတဲ့ နာမည်ကြီးအသင်းတွေ ၊ ယူရိုပါလိဂ် အုပ်စုအဆင့်မှာ အုပ်စုဗိုလ် ရထားတဲ့ အသင်းတွေနဲ့ ပွဲကျပ် ရင်ဆိုင် ကစားရဖို့ ရှိနေပါတယ်။

ဆိုစီဒက် ၀-၁ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်အပြီးမှာတော့ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်က အုပ်စုဗိုလ်နေရာ မရခဲ့တဲ့ အတွက် စိတ်ပျက်မိပေမယ့် ယူနိုက်တက် ကစားသမား ဘဝ ပထမဦးဆုံး သွင်းဂိုး ရခဲ့တဲ့ ဂါနာချိုရဲ့ ခြေစွမ်းနဲ့ ပတ်သတ်ပြီး ကျေနပ်ခဲ့ရသလို သူဟာ ဂါနာချိုကို လာမယ့်ပွဲတွေမှာလည်း ဆက်လက် အသုံးပြုသွားမယ်လို့ ဆိုလာပါတယ်။

Photo Credit: Sky Sports

တန်ဟက်ဂ်က – “အုပ်စုဗိုလ် မဖြစ်ခဲ့ပေမယ့် ဒီနေ့မှာ အနိုင်ရခဲ့လို့ ပျော်မိပါတယ်။ ပြီးတော့ ဂါနာချိုရဲ့ ကျေနပ်စရာ ကောင်းတဲ့ ခြေစွမ်းကြောင့် ပျော်ရတာလည်း ပါတာပေါ့။ ကျွန်တော်တို့က တောင်ပံတိုက်စစ်နဲ့ ပတ်သတ်ပြီး ခေါင်းခဲခဲ့ရပါတယ်။ အန်တိုနီက ဒဏ်ရာရနေသလို ဆန်ချိုကလည်း ဝင်မကစားနိုင်သေးပါဘူး။ ဒါကြောင့် ကျွန်တော်က ဂါနာချို တယောက် အခုလို ဆက်ပြီး တိုးတက်နေဖို့ မျှော်လင့်ထားပါတယ်။ ကောင်လေးက ပြိုင်ဘက်အသင်း အတွက် ခြိမ်းခြောက်မှု တခု ဖြစ်ခဲ့ပါတယ်။ တကယ်လို့ သူသာ ဒီခြေစွမ်းကို ဆက်ထိန်းထားနိုင်မယ် ဆိုရင် ကျွန်တော်က အတော်ကို ပျော်ရွှင်မိမှာပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။