ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က သူ့ရဲ့ တပည့်ဟောင်း ဖရန်ကီ ဒီဂျောင်ကို အင်္ဂလန်မြေဆီ ခေါ်ယူနိုင်ဖို့ လာမယ့်အပတ်ထဲမှာပဲ ဒီဂျောင်နဲ့ လူချင်းတွေ့ဆုံဖို့ စီစဉ်နေပြီး ဒီဂျောင်ဟာ သူနဲ့အတူ အင်္ဂလန်မြေဆီ လိုက်ပါလိမ့်မယ်လို့လည်း ယုံကြည်ထားကြောင်း ဘာစီလိုနာနဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် ဖာရန် မာတီနက်ဇ်က ဆိုပါတယ်။

ယခုနှစ် နွေဈေးကွက် အတွင်းမှာမှ အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့လာခဲ့တဲ့ အဲရစ် တန်ဟက်ဂ်က ယူနိုက်တက်ရဲ့ အားနည်းချက် တခုလို ဖြစ်နေတဲ့ ကွင်းလယ်ပိုင်းကို ပြင်ဆင်ဖို့ သူ့ရဲ့ တပည့်ဟောင်း ဖရန်ကီ ဒီဂျောင်ကို ခေါ်ယူဖို့ ပစ်မှတ်ထား ကြိုးပမ်းနေပါတယ်။

Photo Credit: Metro

တဖက်မှာလည်း ဒီဂျောင်ရဲ့ ကလပ်အသင်း ဖြစ်တဲ့ ဘာစီလိုနာက သူတို့အသင်းရဲ့ ဘဏ္ဍာရေး ကြပ်တည်းမှုကို ဖြေရှင်းဖို့ ဒီဂျောင်ကို ရောင်းထုတ်ချင်နေပြီး ဒီဂျောင်ကတော့ ဘာစီလိုနာအနေနဲ့ သူ့ကို ရောင်းထုတ်ချင်ရင် လုပ်ခလစာ အကြွေးတွေကို အရင်ဆုံး ဖြေရှင်းပေးရမယ်လို့ အသိပေးထားပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ဒီဂျောင်ကို ခေါ်ယူဖို့ ယခု နွေဈေးကွက် စတင်ချိန်ကတည်းက ကြိုးပမ်းနေတာ ဖြစ်ပြီး ဒီဂျောင်ကို ကနဦး ပြောင်း​ရွှေ့ကြေး ယူရို ၇၅သန်း + အပိုဆုကြေး ယူရို ၁၀သန်းနဲ့ ခေါ်ယူဖို့ ဘာစီလိုနာနဲ့ သဘောတူညီမှု ရရှိထားသလို ဒီဂျောင်ရဲ့ အပြောင်းအရွှေ့ အတွက် သူ့ရဲ့ အေးဂျင့်ဖြစ်သူ အလီဒါဆန်နဲ့လည်း သဘောတူညီမှု ရရှိထားပါတယ်။

Photo Credit: Metro

ဒါကြောင့် မန်ချက်စတာ ယူနိုက်တက်က ဒီဂျောင်ကို ခေါ်ယူနိုင်ဖို့ ဒီဂျောင်ရဲ့ သဘောတူညီမှု တခုထဲသာ လိုအပ်တော့ပြီး ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်ကတော့ သူ့ရဲ့ တပည့်ဟောင်းကို အမိအရ ခေါ်ယူနိုင်ဖို့ လာမယ့်အပတ်ထဲမှာပဲ ဒီဂျောင်ကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် တွေ့ဆုံရန် စီစဉ်ထားကြောင်း နာမည်ကြီး စပိန်သတင်းထောက် မာတီနက်ဇ်က ဖော်ပြထားပါတယ်။

မာတီနက်ဇ်ရဲ့ ဖော်ပြချက်အရ အဲရစ် တန်ဟက်ဂ်က လာမယ့်အပတ်မှာပဲ ဒီဂျောင်နဲ့ လူချင်းတွေ့ဆုံကာ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ စီစဉ်ထားပြီး မန်ချက်စတာ ယူနိုက်တက်ကလည်း ဒီဂျောင်ကို ယခင် ကမ်းလှမ်းထားတဲ့ လုပ်ခလစာထက် ပိုမို မြင့်မားတဲ့ လုပ်ခလစာ တရပ် ပေးချေကာ ကမ်းလှမ်းဖို့ ပြင်ဆင်ထားကြောင်းလည်း သိရပါတယ်။