ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က သူတို့အသင်းဟာ လက်ကျန် ရာသီဝက်အတွင်းမှာ ယှဉ်ပြိုင်ဖို့ ကျန််််််််နေသေးတဲ့ အက်ဖ်အေဖလားပြိုင်ပွဲနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲ နှစ်ခုစလုံးမှာ ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်အောင် ကြိုးစားသွားမယ်လို့ နောက်ဆုံးပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ကြွေးကြော်သွားခဲ့ပါတယ်။

နယ်သာလန်လူမျိုး နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ မန်ချက်စတာ ယူနိုက်တက်ကို စတင် တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး သူ့ရဲ့ လက်အောက်မှာ ယူနိုက်တက်က ကာရာဘောင်းချန်ပီယံ ဖြစ်ခဲ့သလို အက်ဖ်အေဖလားပြိုင်ပွဲရဲ့ ငွေတံဆိပ်ဆုကိုလည်း ရယူထားနိုင်ပါတယ်။

Photo Credit: Mirror

တန်ဟက်ဂ်နဲ့ ယူနိုက်တက်ရဲ့ ပေါင်းစပ်မှုက ပြီးခဲ့တဲ့ရာသီမှာ အဆင်ပြေ ချောမွေ့ခဲ့ပေမယ့် ဒီရာသီမှာတော့ ဝယ်ယူထားတဲ့ ကစားသမားသစ်တွေရဲ့ ခြေစွမ်းကျဆင်းမှု ၊ ရှိရင်းစွဲ ကစားသမား အများအပြား ဒဏ်ရာရမှုတို့ကြောင့် မန်ချက်စတာ ယူနိုက်တက်က ရလဒ်တွေ ဆက်တိုက် ဆိုးဝါးနေပါတယ်။

လက်ရှိမှာ ယူနိုက်တက်က ကာရာဘောင်းပြိုင်ပွဲနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ နှစ်ခုစလုံးကနေ ထွက်ထားရသလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း အဆင့်(၄)အတွင်း ဝင်နိုင်ဖို့တောင် အသည်းအသန် ရုန်းကန်ရမယ့် အနေအထားဆီ ရောက်နေပါတယ်။

Photo Credit: Goal

ဒါပေမယ့် ယူနိုက်တက်နည်းပြ တန်ဟက်ဂ်ကတော့ သူတို့ဟာ အက်ဖ်အေဖလားပြိုင်ပွဲနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲ ၂ခုစလုံးမှာ ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်အောင် အစွမ်းကုန် ကြိုးစားသွားမယ်လို့ ဆိုလာပါတယ်။

တန်ဟက်ဂ်က – “ကျွန်တော်တို့မှာ အက်ဖ်အေဖလားအပြင် ပရီးမီးယားလိဂ်ပြိုင်ပွဲပါ ယှဉ်ပြိုင်ဖို့ ကျန်ပါသေးတယ်။ ဒါကြောင့် ကျွန်တော်တို့မှာ ကြိုးစားလို့ ရတဲ့ ဆုဖလား ၂လုံး ကျန်နေသေးတယ်လို့ ဆိုရပါမယ်။ ကျွန်တော်တို့က ပရီးမီးယားလိဂ်ဖလားနဲ့ အက်ဖ်အေဖလား နှစ်ခုစလုံးကို သိမ်းပိုက်နိုင်အောင် ကြိုးစားသွားမှာပါ” လို့ ကြုံးဝါး ပြောဆိုသွားခဲ့တာပါ။