ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က မန်ချက်စတာဒါဘီမှာ မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီးကို ၆-၃ ဆိုတဲ့ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ နွေဈေးကွက် ပိတ်သိမ်းခါနီးကမှ အသင်းဆီ ရောက်ရှိလာတဲ့ ဘရာဇီးလ် ကြယ်ပွင့် ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးကို ပွဲထွက် ကစားသမား အဖြစ် သုံးစွဲတော့ဖို့ ဆုံးဖြတ်လိုက်ကြောင်း နာမည်ကြီး အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၃၀ အရွယ် ဘရာဇီးလ် ကြယ်ပွင့် ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးက နွေဈေးကွက် ပိတ်သိမ်းခါနီးကမှ လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံ ရီးရဲလ်မက်ဒရစ် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၇၀သန်း ဝန်းကျင်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းနဲ့ ၄နှစ် သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုထားသူပါ။

Photo Credit: Standard

ကတ်စ်မဲရိုးက သူ့ရဲ့ ကစားသမား ဘဝ အကောင်းဆုံးအချိန်မှာ အောင်မြင်မှုပေါင်းများစွာ ရရှိနေတဲ့ ရီးရဲလ်မက်ဒရစ် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာသူ ဖြစ်တာကြောင့် ဘောလုံးရေးရာ ကျွမ်းကျင်သူတွေ အပါအဝင် ဘောလုံးပရိသတ်တွေက ကတ်စ်မဲရိုး တယောက် မန်ချက်စတာ ယူနိုက်တက်မှာ ခြေစွမ်းကောင်းတွေ ပြသနိုင်မလား ၊ မပြသနိုင်ဘူးလား ဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြပြီး တန်ဟက်ဂ်ကတော့ သူတို့ရဲ့ ကြယ်ပွင့် ကစားသမားသစ် ကတ်စ်မဲရိုးအပေါ် မလိုလားအပ်တဲ့ ဝေဖန်မှုနဲ့ ဖိအားတွေ ကျရောက်လာမှာ စိုးရိမ်တာကြောင့် ကတ်စ်မဲရိုးကို ပွဲထွက်လူစာရင်းမှာ ချက်ချင်း အသုံးပြုဖို့ထက် အသင်းရဲ့ ကစားကွက်နဲ့ အံဝင်လာအောင် ဖြည်းဖြည်းချင်းသာ အသုံးပြုနေခဲ့ပါတယ်။

Photo Credit: Standard

ဒါပေမယ့် ပြီးခဲ့တဲ့ မန်ချက်စတာဒါဘီမှာ ဂိုးပြတ် ရှုံးနိမ့်ခဲ့ရပြီးနောက် တန်ဟက်ဂ်က သူ့ရဲ့ ပွဲထွက်လူစာရင်းကို ပြောင်းလဲ ပြောင်းဖို့ ဆုံးဖြတ်ခဲ့ပြီး ကြီးမားတဲ့ ပြောင်းလဲမှု တရပ်အနေနဲ့ အသင်းရဲ့ ကွင်းလယ်ခံစစ် နေရာမှာ ပုံမှန် ပွဲထွက်ခွင့် ရနေတဲ့ တော်မီနေးကို အရန်ခုံ ပို့ကာ ကတ်စ်မဲရိုးကို ထုတ်သုံးဖို့ ဆုံးဖြတ်လိုက်ကြောင်း မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်တဲ့ သတင်းထောက်တွေက ထုတ်ဖော် ပြောဆိုထားကြပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraph သတင်းဌာနကလည်း တန်ဟက်ဂ်ဟာ ကတ်စ်မဲရိုးကို ပွဲထွက်ခွင့် ပေးဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီး ကတ်စ်မဲရိုးဟာ ယခု သီတင်းပတ် အကုန်မှာ ကစားမယ့် အဲဗာတန်နဲ့ ပွဲကနေ စတင်ပြီး အဲရစ်ဆင် ၊ ဖာနန်ဒက်ဇ်တို့နဲ့အတူ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပွဲထွက်ခွင့်ရ ကွင်းလယ်လူ တဦး ဖြစ်လာတော့မယ်လို့ သိရပါတယ်။