ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယနေ့မနက် အစောပိုင်းမှာ ချန်ပီယံလိဂ်ဝင်ခွင့်လုဘက် ဖြစ်တဲ့ စပါးနဲ့ ရင်ဆိုင် ကစားခဲ့ရတဲ့ ပွဲစဉ်မှာ သူတို့အသင်းဟာ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပေမယ့် ပွဲမပြီးခင်မှာပဲ ကွင်းထဲကနေ ထွက်သွားတဲ့ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုကို ကြပ်ကြပ်မတ်မတ် ကိုင်တွယ်တော့မယ်လို့ ပွဲပြီးအင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ သူတို့အသင်းရဲ့ အဓိကပြိုင်ဘက်တွေထဲက တသင်း ဖြစ်တဲ့ စပါးကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရာ ကွင်းလယ်လူတွေ ဖြစ်တဲ့ ဖရက်ဒ် ၊ ဖာနန်ဒက်စ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အဖိုးတန်နိုင်ပွဲ တပွဲကို ရယူနိုင်ခဲ့ပါတယ်။

Photo Credit: The Sun

မန်ချက်စတာ ယူနိုက်တက် ၂-၀ စပါး ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်က ဒီရာသီမှာ သူတို့ရဲ့ အကောင်းဆုံး ခြေစွမ်းကို ထုတ်ပြနိုင်ခဲ့ပြီး စပါးဘက်ကို ပွဲစပွဲဆုံး တဖက်သတ် ဖိကစားနိုင်ခဲ့သလို ဂိုးသွင်းခွင့် အမြောက်အမြားလည်း ရရှိခဲ့ပြီး အဓိက တိုက်စစ်မှူး ရက်ဖို့ဒ်ရဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်မှုနဲ့ စပါးဂိုးသမား လိုရစ်ရဲ့ လက်စွမ်းကောင်းတွေကြောင့်သာ ၂ဂိုးထဲနဲ့ ကျေနပ်ခဲ့ရတာပါ။

စပါးကို အနိုင်ရခဲ့တဲ့ပွဲဟာ မန်ချက်စတာ ယူနိုက်တက် အတွက် ကျေနပ်စရာတွေ ပြည့်နေတဲ့ နိုင်ပွဲတပွဲ ဖြစ်ခဲ့ပေမယ့် ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုရဲ့ ပွဲမပြီးခင်မှာပဲ အသင်းရဲ့ အရန်ခုံကနေ ထကာ အဝတ်လဲခန်းထဲကို ဝင်ရောက်သွားတဲ့ ဖြစ်ရပ်ဟာ အတော်လေးကို ရုပ်ဆိုး အကျည်းတန်တဲ့ ဖြစ်ရပ် တခု ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်ကတော့ သူဟာ ရိုနယ်ဒိုရဲ့ အသင်းဖော်တွေနဲ့ အသင်းကို မလေးစားတဲ့ လုပ်ရပ်အတွက် သေချာ ကိုင်တွယ်မယ်လို့ ဆိုလာပါတယ်။

Photo Credit: The Sun

တန်ဟက်ဂ်က – “ကျွန်တော်က ဒီကိစ္စကို (ပွဲမပြီးခင် ရိုနယ်ဒို တယောက် ကွင်းထဲကနေ ထွက်သွားတဲ့ အပြုအမူ) မနက်ဖြန်မှာ ကိုင်တွယ် ဖြေရှင်းပါမယ်။ ဒီနေ့တော့ မဟုတ်သေးပါဘူး။ ကျွန်တော်က အသင်းအတွက်ပဲ အာရုံစိုက်ထားချင်ပါတယ်။ ဒီနေ့နိုင်ပွဲက ကွင်းထဲမှာ ရှိနေတဲ့ ကစားသမား ၁၁ယောက်လုံး အပြင် အရန်ခုံမှာ ရှိနေတဲ့ ကစားသမားတွေ အားလုံးရဲ့ စွမ်းဆောင်ရည်ကြောင့် ရလာတဲ့ နိုင်ပွဲပါ။ ဒါက အသင်းလိုက် အောင်ပွဲလို့ ပြောလို့ ရပါတယ်။ ဒီနေ့ကတော့ ကျွန်တော်တို့ရဲ့ နိုင်ပွဲအတွက် အောင်ပွဲခံရမယ့် နေ့ရက်လေးပါ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။