ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်ကတော့ သူဟာ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာဒါဘီမှာ ဘာကြောင့် အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး တဦး ဖြစ်သူ ခရစ္စတီယာနို ရိုနယ်ဒိုကို လူစားဝင် တိုက်စစ်မှူး အဖြစ် မသုံးခဲ့တာလဲ ဆိုတာကို ပွဲအပြီးမှာ သေသေချာချာ ရှင်းပြသွားခဲ့ပါတယ်။

ယမန်နေ့ည အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ဒါဘီမှာ အိမ်ရှင် မန်ချက်စတာ စီးတီးက ဧည့်သည် မန်ချက်စတာ ယူနိုက်တက်ကို ပွဲစပွဲဆုံး ဖိအားပေး ကစားသွားခဲ့သလို ခြေစွမ်းပိုင်းအရ အပြတ်အသတ် အသာစီးရခဲ့တာကြောင့် ၆-၃ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်နိုင်ပွဲ တပွဲ ရရှိခဲ့ပါတယ်။

Photo Credit: Sky Sports

မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က မန်ချက်စတာ စီးတီးနဲ့ ပွဲစဉ်မှာ အာဆင်နယ် ၊ လီဗာပူးတို့ကို အနိုင်ရခဲ့တဲ့ လူစာရင်း အတိုင်းသာ ပွဲထွက်ခဲ့ပေမယ့် သူတို့အသင်းရဲ့ ကစားဟန်ဟာ အတော်လေးကို ဆိုးရွားခဲ့တာကြောင့် ဒုတိယပိုင်းမှာတော့ လူစားလဲမှုတွေကို ဆက်တိုက် ဆိုသလို လုပ်ဆောင်ခဲ့ရပါတယ်။

ဒါပေမယ့် အဲရစ် တန်ဟက်ဂ်က ယူနိုက်တက်ရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုကို လူစားဝင် ကစားသမား အဖြစ် အသုံးမပြုခဲ့ပဲ ဒဏ်ရာကနေ ပြန်လည် သက်သာလာတဲ့ မာရှယ်ကိုသာ ထည့်သွင်း အသုံးပြုခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမားတွေ ဖြစ်ကြတဲ့ ရိုင်ကိန်း ၊ ဖာဒီနန်နဲ့ ဂယ်ရီနဗီးလ်တို့က တန်ဟက်ဂ်ရဲ့ ရိုနယ်ဒိုကို အသုံးမပြုခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ ရိုနယ်ဒိုကို မလေးစားတာပဲလို့ ဝေဖန် ပြောဆိုနေကြပေမယ့် ပွဲပြီးဆုံးချိန်မှာတော့ တန်ဟက်ဂ်က သူဟာ ရိုနယ်ဒိုကို လေးစားလို့သာ ဂိုးပြတ်ရှုံးနေချိန်မှာ မထည့်သွင်းဖို့ ဆုံးဖြတ်ခဲ့တာလို့ သူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး ပြန်ပြောင်း ရှင်းပြသွားခဲ့ပါတယ်။

Photo Credit: Sky Sports

အဲရစ် တန်ဟက်ဂ်က – “ကျွန်တော်က ရိုနယ်ဒိုကို လူစားမလဲဖို့ ဆုံးဖြတ်ခဲ့တာဟာ သူ့ရဲ့ ကြီးကျယ်လှတဲ့ ဘောလုံးသမား ဘဝကို လေးစားလို့ပါ။ ပြီးတော့ တဖက်မှာလည်း ကျွန်တော်က မာရှယ်ကို အသုံးပြုလို့ ရနေတာပဲလေ။ ဒါကြောင့် ကျွန်တော်က ရိုနယ်ဒိုကို ထည့်မယ့် အစား မာရှယ်ကိုပဲ အသုံးပြုဖို့ ဆုံးဖြတ်ခဲ့တာပါ။ ရိုနယ်ဒိုက ကစားချိန်တွေ လိုအပ်နေတာ မှန်ပါတယ်။ ဒါပေမယ့် ကျွန်တော်က မီဒီယာတွေဟာ ရိုနယ်ဒိုကို သူနဲ့ မသက်ဆိုင်တဲ့ ဂိုးပြတ်အရှုံး ရလဒ်နဲ့အတူ ဝေဖန်ကြမှာကို မမြင်ချင်ပါဘူး” လို့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ရှင်းပြသွားခဲ့တာပဲ ဖြစ်ပါတယ်။