ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယမန်နေ့ညမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အက်စ်တွန်ဗီလာကို အဝေးကွင်းမှာ ၃-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီးနောက် အဆိုပါ ရလဒ်ဟာ သူတို့အသင်းရဲ့ ခြေစွမ်းပိုင်းနဲ့ ထိုက်တန်တဲ့ ရလဒ်မျိုး ဖြစ်ကြောင်း ဝန်ခံသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ပရီးမီးယားလိဂ် ပွဲစဉ်(၁၅) အဖြစ် နည်းပြအပြောင်းအလဲ လုပ်ထားတဲ့ အက်စ်တွန်ဗီလာကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ ပထမပိုင်းအစနဲ့ ဒုတိယပိုင်း အစတွေမှာ ခွင့်ပြုပေးလိုက်ရတဲ့ သွင်းဂိုးတွေကြောင့် အဝေးကွင်းမှာ ဂိုးပြတ်ရှုံးပွဲ တပွဲနဲ့ ရင်ဆိုင်ခဲ့ရတာပါ။

Photo Credit: The Times

အဆိုပါပွဲမှာ မန်ချက်စတာ ယူနိုက်တက်က ပုံမှန် ကစားဟန်မျိုးနဲ့ ကစားနိုင်ခဲ့ပေမယ့် သူတို့အသင်းရဲ့ အထလေးမှုကြောင့် ဗီလာက ပွဲချိန် ၁၀မိနစ် စွန်းစွန်းမှာပဲ ဦးဆောင်ဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က အနောက်ကနေ လိုက်ကစားခဲ့ရပြီး ပွဲချိန် ၄၅မိနစ်မှာတော့ ယူနိုက်တက် ဘယ်နောက်ခံလူ လုခ်ရှောရဲ့ အပြင်းကန်ချက်ဟာ ဗီလာကွင်းလယ်လူ ရမ်ဆေးနဲ့ ထိကာ လမ်းကြောင်းပြောင်းပြီး ဂိုးထဲဝင်သွားတာကြောင့် ယူနိုက်တက်တို့အနေနဲ့ ချေပဂိုး တဂိုး ပြန်လည် ရရှိခဲ့ပါတယ်။

ပထမပိုင်း ပြီးခါနီးမှာ ချေပဂိုး တဂိုး ပြန်လည် ရရှိခဲ့တာကြောင့်ပဲ ယူနိုက်တက်ရဲ့ အနိုင်ကစားမယ့် မျှော်လင့်ချက်ဟာ ပြန်လည် ရှင်သန်လာခဲ့ပေမယ့် ဒုတိယပိုင်း အစမှာပဲ ဗီလာကွင်းလယ်လူ ဂျာကော့ဘ် ရမ်ဆေးက အသင်းအတွက် အနိုင် သေချာစေမယ့် တတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့ပါတယ်။

Photo Credit: The Times

ဗီလာ ၃-၁ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်အပြီးမှာတော့ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်က သူ့ကစားသမားတွေရဲ့ ပွဲအစတွေမှာ အာရုံစိုက်မှု လျော့နည်းနေတဲ့ အချက်အား ထောက်ပြ ဝေဖန်သွားခဲ့ပြီး သူတို့အသင်းဟာ ရှုံးပွဲနဲ့ ထိုက်တန်မှု ရှိခဲ့ကြောင်း ဝန်ခံသွားပါတယ်။

တန်ဟက်ဂ်က – “ကျွန်တော်တို့က ပထမပိုင်း အစနဲ့ ဒုတိယပိုင်း အစမှာ ပေးလိုက်ရတဲ့ ပေးဂိုးတွေကြောင့် ရှုံးနိမ့်ခဲ့ရတာပါ။ သူတို့အသင်းက ကျွန်တော်တို့ အသင်းထက် ပွဲကစားဖို့ ပိုပြီး အဆင်သင့် ဖြစ်နေတာ ၊ ပိုပြီး လန်းဆန်းနေတာမျိုး တွေ့ရပါတယ်။ ဒါက ဘယ်လိုမှ လက်ခံနိုင်စရာ မရှိတဲ့ အချက်ပါ။ ကျွန်တော်တို့က အချိန်အကြာကြီး နေပြီးတော့မှ ရှုံးပွဲနဲ့ ပြန်တွေ့ခဲ့ရတာပါ။ ဒီရှုံးပွဲက ကျွန်တော်တို့ရဲ့ အားနည်းချက်တွေကြောင့် ရှုံးခဲ့ရတဲ့ ပွဲလို့ ပြောနိုင်ပါတယ်။ ကျွန်တော်တို့က ဘောလုံးကို ထိန်းချုပ် မကစားနိုင်ခဲ့ဘူး။ မှန်ကန်တဲ့ စုဖွဲ့မှုမျိုး မလုပ်နိုင်ခဲ့ဘူး။ လိုက်နာရမယ့် အချက်တွေကို မလိုက်နာဘူး။ ပြီးတော့ ဘောလုံးယှဉ်လုတိုင်းလည်း ရှုံးခဲ့ပါတယ်။ ရလဒ်က အသင်းတသင်းရဲ့ ခြေစွမ်းကို အကောင်းဆုံး ပြသတဲ့ အရာပါပဲ။ ရလဒ်က ဘယ်တော့မှ မလိမ်ညာတတ်ပါဘူး။ ဘောလုံးလောကမှ ခင်ဗျားက ကိုယ်ပေးတဲ့ အတိုင်းပဲ ပြန်ရတတ်ပါတယ်။ ဒီနေ့ပွဲမှာ ကျွန်တော်တို့က ရလဒ်ကောင်း တခုနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုး မရှိခဲ့ပါဘူး” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က လာမယ့် ဗုဒ္ဓဟူးနေ့ ညမှာတော့ EFLဖလားပွဲ အဖြစ် အက်စ်တွန်ဗီလာကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရဖို့ ရှိနေပြီး အဆိုပါပွဲမှာ သရဲနီတွေအနေနဲ့ ရှုံးကြွေးပြန်ဆပ်နိုင်မလား ဆိုတာကို စောင့်ကြည့် သွားရမှာပါ။