မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဉ် မတိုင်ခင်မှာ သူတို့အသင်းဟာ ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်တဲ့ စွမ်းဆောင်ရည်မျိုး ရှိတယ်ဆိုပြီး ထပ်မံ ကြုံးဝါးလိုက်ပြန်ပါတယ်။

တန်ဟက်ဂ်ရဲ့ ယူနိုက်တက်အသင်းဟာ ဒီရာသီ ချန်ပီယံလိဂ် အုပ်စုအတွင်း (၅)ပွဲကစားပြီးချိန် (၄)မှတ်သာ စုဆောင်းထားနိုင်ခဲ့လို့ နောက်တစ်ဆင့် တက်လှမ်းနိုင်ဖို့က မလွယ်ကူတော့ပဲ အုပ်စုနောက်ဆုံးပွဲမှာပါ ဘိုင်ယန်နဲ့ ပွဲကျပ် ထပ်မံ ယှဉ်ပြိုင်ရဦးမှာ ဖြစ်ပါတယ်။

Photo Credit : Eurosport

ဘိုင်ယန် ဂါလာတာစာရေး ကိုပင်ဟေဂင်အသင်းတွေနဲ့ ချန်ပီယံလိဂ် အုပ်စု(A)မှာ အတူကျရောက်ခဲ့တဲ့ ယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ်မှာ ကိုပင်ဟေဂင်နဲ့ ရင်ဆိုင်ခဲ့တဲ့ ပွဲစဉ်ကိုသာ အနိုင်ရခဲ့ပြီး သရေပွဲ (၁)ပွဲနဲ့ ရှုံးပွဲ (၃)ပွဲအထိ ကြုံတွေ့ထားခဲ့ရပါတယ်။

အခုတော့ ယူနိုက်တက်ဟာ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲအဖြစ် အိုးထရက်ဖို့ဒ်မှာ ဂျာမန်ဘီလူးကြီး ဘိုင်ယန်ကို ဧည့်ခံသွားရတော့မှာဖြစ်ပြီး ဘိုင်ယန်ကလည်း အုပ်စုပွဲတွေအတွင်း ရှုံးပွဲမရှိအောင် ကစားထားနိုင်တဲ့ ပွဲအရေအတွက်က အလွန်များနေတာကြောင့် ယူနိုက်တက်အတွက် အတော်လေး ခဲယဉ်းနိုင်ပါတယ်။

Photo Credit : Vanguard News

ဒီပွဲစဉ်နဲ့ ပတ်သက်ပြီး ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က “ကျွန်တော်တို့အသင်းက ဘယ်ပြိုင်ဘက်အသင်းကိုမဆို အနိုင်ယူနိုင်ပါတယ်။ မနက်ဖြန်ပွဲကိုလည်း ကျွန်တော်တို့ အနိုင်ကစားရပါမယ်။ အနိုင်ရအောင်လည်း ကစားနိုင်ပါတယ်။”

“ချယ်လ်ဆီး အဲဗာတန်တို့ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်တွေအပြင် ဂါလာတာစာရေးနဲ့ သရေကျခဲ့ရတဲ့ ပွဲမှာတောင် ကျွန်တော်တို့အသင်းက အမှန်တကယ် အမြင့်မားဆုံးသော စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့တယ်။ ကျွန်တော်တို့ အရမ်းကောင်းအောင် ကစားနိုင်မှာ သေချာပါတယ်။” လို့ ကြုံးဝါး ပြောဆိုလိုက်ပါတယ်။