လာမယ့် (၂၀)ရက်နေ့မှာ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို စတင် ကျင်းပသွားတော့မှာဖြစ်တာကြောင့် ကမ္ဘာ့ဖလားအတွက် ရွေးချယ်ထားခံခဲ့ရတဲ့ ကစားသမားတွေက ဒီပြိုင်ပွဲကြီးကို ပါဝင် ဆင်နွဲရမှာဖြစ်သလို ကမ္ဘာ့ဖလားကနေ ချန်လှပ်ထားခံရတဲ့ ကစားသမားတွေကတော့ world cup break အနားယူရာမှာဖြစ်ပြီး အနားယူကာလ ပြီးဆုံးရင်လည်း သက်ဆိုင်ရာ ကလပ်အသင်းတွေနဲ့ပါ လေ့ကျင့်ခန်းဆင်းမှုတွေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

Erik Ten Hag warns Man United star Alejandro Garnacho to not 'lose focus'  during the World Cup break | Daily Mail Online

Photo Credit : Daily Mail

ဒီလို ကမ္ဘာ့ဖလား ဆင်နွဲခွင့် မရှိတဲ့ ကစားသမားတွေထဲမှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လူငယ်ကစားသမားလေး အလက်ဂျန်ဒရိုဂါနာချိုလာည်း ပါဝင်နေပါတယ်။ ဆယ်ကျော်သက် လူငယ်ကြယ်ပွင့် ကစားသမားလေး ဂါနာချိုဟာ ဒီရာသီမှာ ယူနိုက်တက် စီနီယာအသင်းမှာ ပါဝင်ကစားခွင့်တွေ တဖြည်းဖြည်း ရရှိလာခဲ့ပြီး ရရှိလာတဲ့ အခွင့်အရေးတွေကိုလည်း ဂါနာချိုက အကောင်းဆုံး အသုံးချနိုင်ခဲ့ပြီး သွင်းဂိုးတွေရော ဂိုးဖန်တီးမှုတွေပါ လုပ်ဆောင်လာနိုင်ခဲ့ပါတယ်။ ကမ္ဘာ့ဖလား မတိုင်ခင် နောက်ဆုံးကစားခဲ့ရတဲ့ ဖူလ်ဟမ်နဲ့ပွဲမှာလည်း အသင်းအတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့တဲ့ ဂါနာချိုအတွက် world cup break ကာလက အန္တရာယ် ရှိနိုင်တယ်လို့ နည်းပြအဲရစ်တန်ဟက်ဂ်က သတိပေးလိုက်ပါတယ်။

Photo Credit : UK News Today

“ဒါက အရည်အချင်းတွေကနေ ဘာတွေလုပ်နိုင်လဲဆိုတာကို ပြသနေတာ ဆိုပေမယ့် သွားရမယ့် ခရီးကတော့ ဝေးပါသေးတယ်။ ကွင်းအတွင်း စွမ်းဆောင်ရည်တွေကို သူထိန်းထားနိုင်ရမယ်။ ဘောလုံးအတွက် ရင်းနှီးမြှပ်နှံမှုတွေလည်း လုပ်ဆောင်ရမယ်။ ဒါကို ကစားသမားကြီးတွေက သိကြတယ်။ လူငယ်ကစားသမားတွေကတော့ မသိကြဘူး။ အခု (၄)ပတ်တာ အားလပ်ရက်ကာလဟာ သူ့အတွက် အန္တရာယ် ရှိလာနေရပြီ။ ဘာကြောင့်လဲဆိုတော့ သူက အခုမှ အရှိန်ရခါစပဲ ရှိသေးတာ။ သူ ဘယ်လိုပုံစံနဲ့ ပြန်လာနိုင်မလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ရမယ်။ သူရဲ့ စိတ်သဘောထားတွေက ကောင်းမွန်နေပြီးတော့ သူ့မှာ သက်ရောက်မှုလည်း ရှိနေမှာ သေချာပါတယ်။ အန္တရာယ်ဆိုတာက (၄)ပတ်အတွင်းမှာ ဘာပွဲမှ မရှိလို့ အာရုံစိုက်ထားစရာ ရင်းနှီးထားစရာ မရှိသလို ဖြစ်နေမှာကို ဆိုလိုချင်တာ။ လွန်ခဲ့တဲ့ (၃၊၄၊၅)ပတ်လောက်တုန်းက သူလုပ်ဆောင်နိုင်ခဲ့ချိန်တုန်းမှာ ထားရှိခဲ့တဲ့ စိတ်မျိုးအတိုင်း ဆက်လက် လုပ်ဆောင်နိုင်မယ်ဆိုရင်တော့ သူ့အတွက် အခွင့်အရေးတွေ ဆက်ရှိနေဦးမှာ ဖြစ်သလို သူရဲ့ တိုးတတ်မှုတွေကလည်း ဆက်လက် အရှိန်ကောင်းနေဦးမှာပါ။ ဒီလိုမှ မဟုတ်ရင်တော့ သူ လမ်းလွဲသွားရလိမ့်မယ်” လို့ တန်ဟက်ဂ်က သတိပေးလိုက်ပါတယ်။