ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ဂါလာတာစာရေးနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ အမှားတွေ အများကြီး လုပ်ခဲ့တဲ့ နံပါတ်တစ် ဂိုးသမား အိုနာနာကို နောက်တကြိမ် အမှားထပ်လုပ်ရင် အရန်ခုံ ပို့မယ်လို့ သတိပေးထားကြောင်း အင်္ဂလန် အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၇နှစ် အရွယ် အိုင်ဗရီကို့စ် လက်ရွေးစင် ဂိုးသမား အိုနာနာက ပြီးခဲ့တဲ့ နွေဈေးကွက်မှာမှ အင်တာမီလန် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၅၀သန်းကျော်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က သူ့ကို ၂၀၂၉ခုနှစ် အထိ သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Mirror

မန်ချက်စတာ ယူနိုက်တက်က အိုနာနာကို အသင်းရဲ့ ဂိုးသမားဟောင်း ဒေးဗစ် ဒီဂီယာရဲ့ နေရာအတွက် အားကိုးတကြီးနဲ့ ခေါ်ယူခဲ့ပေမယ့် အိုနာနာကတော့ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ လက်စွမ်းကောင်းတွေကို မပြသနိုင်သေးပါဘူး။

အိုနာနာက သူ့ရဲ့ လက်စွမ်းကောင်းတွေကို မပြသနိုင်သေးသလို မကြာခဏ အမှားတွေ လုပ်လေ့ ရှိပြီး အိုနာနာရဲ့ အမှားတွေကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ တောက်လျှောက် ရလဒ်တွေ ဆိုးနေတာပဲ ဖြစ်ပါတယ်။

Photo Credit: Tribuna

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Mirror သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်နည်းပြချုပ် အဲရစ် တန်ဟက်ဂ်က အမှားများနေတဲ့ အိုနာနာကို အတော်လေး စိတ်ကုန်နေပြီ ဖြစ်ကာ နောက်တကြိမ် အမှားထပ်လုပ်ရင် သူ့ကို အရန်ခုံ ပို့ကာ ဒုတိယဂိုးသမား ဘယင်ဒါကို ထုတ်သုံးတော့မယ်လို့ အိုနာနာကို သတိပေးထားကြောင်း သိရပါတယ်။

အသက် ၂၅နှစ် အရွယ် တူရကီလက်ရွေးစင် ဂိုးသမား ဘယင်ဒါက ပြီးခဲ့တဲ့ နွေဈေးကွက်မှာ ဖီနာဘာချီ ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ဖီနာဘာချီမှာ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူခဲ့သလို တူရကီရဲ့ နံပါတ်တစ် ဂိုးသမားလည်း ဖြစ်တာကြောင့် အိုနာနာထက် မသာရင်တောင် မနိမ့်တဲ့ လက်စွမ်းကို ပိုင်ဆိုင်ထားသူပါ။