ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က သူတို့အသင်းမှာ ကစားတဲ့ ကစားသမားတွေဟာ ပွဲပန်းမှုဒဏ်ကို ခံနေရပေမယ့် အသင်းရဲ့ အမှတ်တံဆိပ်နဲ့ အစဉ်အလာကြောင့် ပွဲတိုင်းကို အနိုင် ကစားနိုင်ရမယ်လို့ သတိပေးသွားခဲ့ပါတယ်။

နယ်သာလန်လူမျိုး နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယခုနှစ် ဘောလုံးရာသီ အစကမှ အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ၄နှစ်စာချုပ်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက မန်ချက်စတာ ယူနိုက်တက်ကို ကိုင်တွယ်တာ ၁နှစ် မပြည့်သေးပေမယ့် ကာရာဘောင်းဖလား ၁လုံး ရယူပေးထားနိုင်ပါတယ်။

Photo Credit: Forbes

အဲရစ် တန်ဟက်ဂ်ရဲ့ လက်အောက်မှာ မန်ချက်စတာ ယူနိုက်တက်က ကာရာဘောင်းဖလားကို ရယူနိုင်ခဲ့သလို အက်ဖ်အေနဲ့ ယူရိုပါလိဂ် ပြိုင်ပွဲတွေမှာ ကွာတားဖိုင်နယ် အဆင့်တွေထိ တက်လှမ်းထားနိုင်တာကြောင့် ရာသီမကုန်သေးပေမယ့် စုစုပေါင်း ၄၇ပွဲ အထိ ကစားထားရပြီး ပွဲဆက်များမှုကြောင့် ကစားသမားတွေကလည်း ပွဲပန်းလာကြပါတယ်။

အဓိက ကစားသမားတွေ ပွဲပန်းမှု ၊ ဒဏ်ရာရမှုနဲ့ ပွဲပယ်ခံရမှုတို့ကြောင့် မန်ချက်စတာ ယူနိုက်တက်က နောက်ဆုံး ကစားခဲ့တဲ့ လိဂ်ပွဲ ၃ပွဲဆက် နိုင်ပွဲပျောက်ထားသလို အမှတ်ပေးဇယားမှာလည်း အဆင့်(၃)နေရာ ကနေ အဆင့်(၅)နေရာ အထိ ဆင်းပေးခဲ့ရပါတယ်။

Photo Credit: Forbes

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က ယနေ့ညမှာ ကစားရမယ့် ဘရန့်ဖို့ဒ်နဲ့ ပွဲမှာ မဖြစ်မနေ နိုင်ပွဲ ရယူဖို့ လိုအပ်နေပြီး ယူနိုက်တက်ရဲ့ နည်းပြချုပ် အဲရစ် တန်ဟက်ဂ်က သူဟာ ကစားသမားတွေ ပွဲပန်းနေတာကို နားလည်ပေမယ့် မန်ချက်စတာ ယူနိုက်တက်မှာ ကစားရင် ပွဲတိုင်းကို အနိုင် ကစားနေရမယ်လို့ ပြောသွားခဲ့ပါတယ်။

အဲရစ် တန်ဟက်ဂ်က – “ကျွန်တော်တို့ရဲ့ ကစားသမားတွေက အရင်လို ပုံစံမျိုး ပြန်ဖြစ်နေတယ် ဆိုတာကို လက်ခံပါတယ်။ ဒါပေမယ့် ဘောလုံးရာသီ တခုမှာ အတက် ၊ အကျ ဆိုတာ ရှိတတ်ပါတယ်။ ကစားသမားတွေက စက်ရုပ်တွေ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့က စက်ရုပ်တွေလို ဖြစ်အောင် ကြိုးစားရပါမယ်။ ကျွန်တော်တို့က ကစားသမားတွေကို သတ်မှတ်ထားတဲ့ စွမ်းဆောင်ရည်မျိုး အမြဲတမ်း ပြနိုင်ဖို့ မျှော်လင့်ထားရမှ ဖြစ်သလို အဲ့ဒီလို စွမ်းဆောင်ရည်မျိုးတွေ ပြနိုင်အောင် ကူညီနိုင်ရပါမယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ အလုပ်က စွမ်းဆောင်ရည်ကောင်းတွေ အမြဲတမ်း ပြရမယ့် အလုပ်မျိုးလို့ပါ။ တကယ်လို့ စွမ်းဆောင်ရည်ကောင်းတွေ မပြနိုင်ရင် ကျွန်တော်တို့က စိတ်ပျက်ရပါမယ်။ ကျွန်တော်တို့အသင်းက နိုင်ပွဲတွေ ရယူနိုင်တယ် ဆိုတာကို ပွဲပေါင်းများစွာမှာ သက်သေပြပြီးသွားပါပြီ။ ကျွန်တော်တို့က ကစားဖို့ ခက်တယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့် ရှိတယ်။ ယုံကြည်မှုရှိရှိနဲ့ ဘောလုံးပေးနိုင်စွမ်း ရှိတယ်။ ပြီးတော့ စုစည်း ညီညွတ်တယ်။ ကျွန်တော်တို့က ဒါတွေကို ပွဲပေါင်းများစွာမှာ ပြသပြီးပါပြီ။ ဒါပေမယ့် ကျွန်တော်တို့က မန်ချက်စတာ ယူနိုက်တက် ဖြစ်လို့ ပွဲတိုင်းကို အနိုင်ကစားဖို့ လိုအပ်ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။