ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့မှာ ယနေ့ည အစောပိုင်းက ယှဉ်ပြိုင် ကစားခဲ့တဲ့ Bangkok Century Cup ပွဲစဉ်မှာတော့ မန်ချက်စတာ ယူနိုက်တက်က ခါးသီးပြိုင်ဘက် လီဗာပူးကို ၄-၀ ဆိုတဲ့ ရလဒ်နဲ့ ပြတ်သားစွာ အနိုင်ယူကာ ချန်ပီယံ အဖြစ် အောင်ပွဲခံသွားခဲ့ပါတယ်။

ရာသီကြို ခြေစမ်းပွဲလည်းဖြစ် အမှတ်တရပွဲလည်း ဖြစ်တဲ့ အဆိုပါပွဲစဉ်မှာ နှစ်သင်းစလုံးက ထိုင်းနိုင်ငံဆီ ခေါ်လာတဲ့ ကစားသမား အားလုံးနီးပါးကို ထည့်သွင်း အသုံးပြုခဲ့ကြပြီး မန်ချက်စတာ ယူနိုက်တက်က ပထမပိုင်းမှာ စီနီယာ ကစားသမားတွေ ပါဝင်တဲ့ အသင်းကို အသုံးပြုခဲ့သလို လီဗာပူးကလည်း ဒုတိယပိုင်းမှာ စီနီယာ ကစားသမား အများစု ပါဝင်တဲ့ အသင်းကို ထည့်သွင်း အသုံးပြုခဲ့ပါတယ်။

Photo Credit: Standard

ဒါပေမယ့် ပွဲအစမှာပဲ စီနီယာ ကစားသမား အစုံအလင် ပါဝင်တဲ့ အသင်းကို အသုံးပြုထားတဲ့ မန်ချက်စတာ ယူနိုက်တက်က ဒီပွဲမှာ အသာစီး ရရှိသွားခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်က ကစားပုံ ကျစ်လျစ်မှု သိပ်မရှိသေးပေမယ့် လီဗာပူးရဲ့ ခံစစ် ကစားပုံ အမှားတွေကနေ တဆင့် ပထမပိုင်းမှာတင်ပဲ သွင်းဂိုး ၃ဂိုး အထိ သွင်းယူနိုင်ခဲ့ကာ ပွဲကို ဦးဆောင်ခွင့် ရခဲ့ပါတယ်။

လီဗာပူးကတော့ ၃ဂိုးပြတ် ရှုံးနိမ့်ပြီးနောက်မှသာ အဓိက ကစားသမားတွေကို ထည့်သွင်းကာ ချေပဂိုးတွေ ပြန်လည် ရရှိဖို့ ကြိုးပမ်းခဲ့ပေမယ့် ဒုတိယပိုင်းမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ခံစစ်ကြောင်းကို ဦးဆောင်ခဲ့တဲ့ ဘိုင်လီက ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် လီဗာပူးအနေနဲ့ လိုချင်တဲ့ ချေပဂိုးတွေ မရခဲ့သလို ဘိုင်လီရဲ့ မထင်မှတ်ပဲ တိုက်စစ်ဆင်မှုကနေ တဆင့် ဒုတိယပိုင်းမှာ နောက်ထပ် သွင်းဂိုး ၁ဂိုး ထပ်မံ ခွင့်ပြုခဲ့ရတာကြောင့် ၄-၀ ဆိုတဲ့ ရလဒ်နဲ့ ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ကို အရှက်တကွဲ ရှုံးနိမ့်ခဲ့ရပါတယ်။

Photo Credit: Standard

ဒီပွဲက ခြေစမ်းပွဲ တပွဲ ဆိုပေမယ့် ခါးသီးပြိုင်ဘက် လီဗာပူးကို ဂိုးပြတ် အနိုင်ရခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက် ပရိသတ် အများစုက အသင်းရဲ့ နိုင်ပွဲအတွက် ကျေနပ် ပျော်ရွှင်နေကြပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြသစ် အဲရစ် တန်ဟက်ဂ်ကတော့ သူတို့အသင်းဟာ ဂိုးပြတ်နိုင်ခဲ့တာ မှန်ပေမယ့် ကစားပုံအရ လိုအပ်ချက်တွေ ရှိနေသေးကြောင်း ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

တန်ဟက်ဂ်က – “ဒီနေ့ပွဲမှာ ဂိုးပြတ် အနိုင်ရခဲ့ပေမယ့် ကျွန်တော်ကတော့ အမှားအယွင်းတွေ အများကြီးကို မြင်နေရပါတယ်။ ကျွန်တော့်ကို ယုံပါ။ ကျွန်တော်တို့တွေ ထိပ်တန်းအသင်း တသင်း ဖြစ်လာဖို့ အချိန်တွေ လိုနေပါသေးတယ်။ ဒါကြောင့် ဒီရလဒ်နဲ့ ပတ်သတ်ပြီး အကြီးအကျယ် ပျော်ရွှင်နေစရာ မလိုပါဘူး” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။